Thursday, August 28, 2014

လနတ်သမီးနဲ့ ချိန်းတွေ့တဲ့ ည

လနတ်သမီးနဲ့ ချိန်းတွေ့တဲ့ ည
---------------------------------
- တိမ်စင်တဲ့ ည
လနတ်သမီးနဲ့
တွေ့တဲ့ တစ်ည သား .....
ညဟာ
လနတ်သမီးရဲ့
ပါးပြင်ကိုမှ
“နမ်းချင်သတဲ့လေ” ။


- မွမ်းကြပ်တဲ့ အချိန်
“ည”ဟာ
အသက်ပြင်းပြင်းရှူလိုက်တော့
လေပြေတွေထဲ
ဝတ်မှုံတွေ . . . ၀တ်မှုံတွေ . . . ၀တ်မှုံတွေ
နှလုံးသားထဲစီး
ဝတ်မှုံ ဒဏ်ရာရ
“ည”ဟာ
အချစ်ဖျား ဖျားပေါ့ . . . ငွေလမင်းရယ် ။

- နောက်ထပ် “ လမင်းည” များ
တွေ့လေမလားလို့
ည ဟာ ည ကို လိုက်ရှာ
ပန်းပွင့်တွေ ၊ ကြယ်တွေ ၊ ပင်လယ်တွေ ၊ ငါးပျံတွေ ၊
ပိုးစုန်းကြူးတွေ ၊ ၀တ်ဆံတွေ ၊ ကြာရွက်တွေ ၊ မီးပုံးတွေ
စပယ်ပန်းဖြူဖြူ လေးတွေ ကြား
လမင်း ကိုလိုက်ရှာ . . . လိုက်လို့ရှာ
ဒီညတော့ . . .
“ည”ဟာ
လ ရေးရေး လေးကိုတောင်မှ
မမြင်ရ ရင် မနေနိုင် ။           ။

အာဂမွဏ်း

သံခြေကျဉ်းလမ်းခွဲ

သံခြေကျဉ်းလမ်းခွဲ
---------------------
ချစ်သူရေ
အမှန်တရားရှိမလားလို့
အပ်
တစ်
ဖျားလေး
ချ ခဲ့မိတာပါ
အခုလို...
နွေမ၀င်ခင်မှာတောင်
ချွေးဒီးဒီး ကျနေပေါ့ . . .

ဒဂယ့်နွေကြီးရောက်ရင်ဖြင့်
သစ်သီးအရင့်အမာကြီးတွေတောင်
ပုပ်သိုးရ
လွယ်မှ . . လွယ်သနဲ့
ခပ်ဝေးဝေးမှာပဲနေ ။           ။

အာဂမွဏ်း
( ၂၀ . ၂ . ၂၀၁၃ )

ဘာမှန်းမသိတော့တဲ့ . . . ဆီးဖြူသီး

ဘာမှန်းမသိတော့တဲ့ . . . ဆီးဖြူ သီး
@@@@@@@@@@@@@@@

ငယ်ငယ် တုန်း က
စကော ထဲ က ဆီးဖြူသီး တစ်လုံး
အင်္ဂလိပ်စာ ၅ တန်း မှ သင် ရ တဲ့ အတန်း
ဗန္ဓုလ နဲ့ ဗိုလ်ချုပ်အောင်ဆန်း
လေထန်ကုန်း မလာခင် ဒလကြမ်း ပြေးခဲ့ရတယ်
အဲဒီတုန်းက . . .
ဆီးဖြူသီး ဟာ ဆယ်တန်း ။


၁၀၀ိ
၇၅ိ ၊ ၃၅ိ ၊ . . . .
တံတားနီ
မြေနီကုန်း
ဇော်ဝမ်းတိုး
ဘစိန် ထောက်လှမ်းရေး
လေတပ် ကင်တင်း
ရန်ကုန်တက္ကသိုလ် မနုသ အမဲလိုက်ပွဲ
ကျောင်းတွေပိတ်လိုက်ပြီ
နှစ်ထပ်သင်္ဘောကြီးပေါ် က ၂၅ိ ကျပ်တန်ခေါက်ဆွဲကြော်
၈၈၈၈
ရေဒီယို ၊ ရုပ်မြင်သံကြား က မျဉ်းစောင်းတွေ
အဲဒီတုန်းက . . .
ဆီဖြူသီး ဟာ ဒုတိယနှစ် ။

စကော ထဲ က ဆီးဖြူသီး ဟာ
ဒီ စကော ထဲ က နောက် စကော ထဲ ကို အပြောင်းခံလိုက်ရတယ်
ဒီလိုနဲ့ . . .
စကော ထဲ က ကျောင်းမှာပဲဘွဲ့ရခဲ့ ။
စကော ထဲ မှာ ပဲ အလုပ် ၀င်
အလှည့် ခံ ရ တဲ့
ဆီးဖြူသီး
နောက်ထပ် စကော တစ်ခု ထဲ
ထပ် အပြောင်းခံ လိုက်ရတယ် ။ ။

အာဂမွဏ်း

ပုသိမ် ( ၂ )

ပုသိမ် ( ၂ )
@@@@@

လမ်းဆုံး မြို့
ဗိုလ်ချုပ်အောင်ဆန်းလာတုန်းက . . .
ဆိပ်ခံဘောတံတားပေါ်သူပြုတ်ကျသွားတဲ့ကောက်ညှင်းထုပ်သူပြန်ကောက်စားတဲ့ မြို့
၈၈ တုန်းက ကျောက်ပြင် နဲ့ ထမီ အပို့ ခံရတဲ့ မြို့
ဟာလ၀ါ ၊ ထီး နာမည်ကြီး တဲ့ မြို့
ထူးအိမ်သင် ခေါင်းချချင်တဲ့ မြို့
မနက် ၁၀ နာရီ မှ နံက်စာ မုန့်ဟင်းခါး နဲ့ လ္ဘက်ရည် ထပြီး သုံးဆောင်တဲ့ မြို့
လမ်း ကို ဖြေးဖြေး ပဲ လျှောက်တတ်တဲ့ မြို့
ညနေ ဆိုရင် ကော်ရည်သောက်ရ မှ အာသာပြေတဲ့ မြို့
ည ရောက် ပြီး ၁၂ နာရီ မကျော်ရင် မအိပ်တတ်တဲ့ မြို့
စစ် အစိုးရ နဲ့ အပေါင်းအပါများ အောင်မြေနင်းတဲ့ မြို့
တောကြောင်တွေ ဇီး မ တင် တဲ့ မြို့
ချောင်းသာ ၊ ငွေဆောင် ကြောင့် တစ်ထောက်နားဧည့်သည်တွေ ပေါတဲ့ မြို့
ဟိုတုန်းက သင်္ဘောစီးပြီး အခုတော့ ကားပဲစီးတဲ့ မြို့
၁၄ မျဉ်းစောင်း မြို့
ပွဲလမ်း ရှိ မှ ၊ ဧည့်သည် လာ မှ ရွှေမုဋ္ဌောဘုရား တက်ပြီး ရွှေချတဲ့ မြို့
နိဂြောဓါ ဘုရားလှည့်ရင် ရှမ်းကုန်သည်ကို ဓမြတိုက်တဲ့ မြို့
ကန်တစ်ဆက်တည်းပေမဲ့ ရေကြည် နဲ့ ရေနောက် ကွဲ နေတဲ့ မြို့
ကန်သုံးဆင့် ဆိုတဲ့ ချစ်သူ့နယ်မြေ ရှိတဲ့ မြို့
ဆန်တင်သင်္ဘောပေါ်မှာ ငါးသုံးလုံးစီးကရက်ဝယ်ရတဲ့ မြို့
မ ဆ လ ခေတ် တုန်းက ဆေးရုံမှာ ကလေးမမွေးပဲဖက်တားဆေးခန်းမှာကလေးမွေးတဲ့ မြို့
စစ်အစိုးရ က ရိုးသားကြိုးစားဧရာဝတီသားဆိုင်းဘုတ်ဘလိုင်းကြီးအတင်ခံရတဲ့ မြို့
ရေနက်ကွင်းစီမံကိန်းဆိုပြီးပထမဦးဆုံးလယ်အသိမ်းခံရတဲ့ မြို့
“ အဲ ဗား ၀ဲလ် ကမ်း ” ပါ လို့
ဧည့်သည် ရေ . . .
သူ ကို နာ အောင် မ ချ ရင် ပြော နေ ဦး မဲ့ . . . မြို့ ။          ။




အာဂမွဏ်း


Face Book ( ဖေ့စ်ဘုတ်ခ် )

ဖေ့စ်ဘုတ်ခ်
------------
- ဖေ့စ်ဘုတ်ခ် ဟာ ချစ်သူရဲ့သွားလှလှလေးမှာ ညပ်နေတဲ့ အစာအစအနတွေကို
ထိုးကော် ဖို့ သွားကြားထိုးတံတစ်ချောင်း ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ လက်ကမြင်းသူတွေ ရဲ့ အိမ်သာနံရံ ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ နေ့စဉ်ထုတ်သတင်းစာတစ်စောင် ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ အငွေ့မထွက်တဲ့ ဘိန်းပြောင်းတစ်လက် ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ တော်လှန်ရေး ရဲ့ လက်ကမ်းစာစောင် ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ နေ့ထူးနေ့မြတ် အခန်းအနားကျင်းပတဲ့ ခန်းမ ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ မကျေနပ်ရင် ခေါင်းထည့်အော်လို့ရတဲ့ စဉ့်အိုးတစ်လုံး ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ အရောင်တောက်နေတဲ့ ငွေရောင်အလှူခံဖလား ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ အလှ ၊ ရမက် ၊ စည်းစိမ် ၊ လက်နက် ၊ ဂုဏ် ပေါ်တင်ထုတ်ကြွားလို့ရတဲ့
“ ရှိုးပွဲ ” ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ ရည်းစားစာ ကို လူသိရှင်ကြားရေးလို့ရတဲ့
ပန်းနုရောင်စာအုပ်တစ်အုပ် ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ ထင်းရူးပုံးလေးနဲ့ရောင်းတဲ့အရက်ဆိုင်ဘေးမှာ
အဖီလေးချထားတဲ့ အမြည်းဆိုင် ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ ၀ါဒမတူသူတွေ
ကလောင်ချင်း စီးချင်းထိုးတဲ့ကွင်းတစ်ကွင်း ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ အနီရောင်ဆေးခြယ်မထားတဲ့ စာတိုက်ပုံး ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ မြေမြှုပ်မိုင်းတွေနဲ့ပြည့်နေတဲ့ သားသတ်ကွင်း ဖြစ်တယ်
- ဖေ့စ်ဘုတ်ခ် ဟာ ကောင်းတဲ့သူတွေရော ၊ မကောင်းတဲ့သူတွေပါ
သေရင်ထည့်တဲ့ ကိုပန်ချာရဲ့ အခေါင်းတစ်လုံး ဖြစ်တယ် ။
- အဲဒီအထဲမှာ သုခုမတွေ ရှိတယ် ။
- အဲဒီအထဲမှာ ချစ်သူတွေ ၊ မချစ်သူတွေ ၊ သူငယ်ချင်းတွေ ၊ မသူငယ်ချင်းတွေ
ကဗျာဆရာတွေ ၊ လူညာတွေ ရှိတယ် ။
- အဲဒီအထဲမှာ မှင်မထွက်တဲ့ ဘောပင်တွေ ရှိတယ် ။
- အဲဒီအထဲမှာ ခေတ်ကြီးကိုလိမ်ဖို့ Paper Work နဲ့ Data တွေ ရှိတယ် ။
- အဲဒီအထဲမှာ မောင်ချောနွယ်ပြောဘူးတဲ့ မိတ်ဆွေစစ်စစ် နဲ့ ရန်သူစစ်စစ်ရယ်
ဟိုလိုလို ဒီလိုလိုအကောင်တွေရယ် ရှိတယ် ။
- အဲဒီအထဲမှာ တောကြောင်ရဲ့ဘိုးအေတွေ ရှိတယ် ။
- အဲဒီအထဲမှာ တကယ်လေးစားရတဲ့ သူရဲကောင်းတွေ ရှိသလို
ပေါတောတောလူကြမ်းတွေ ရှိတယ် ။
- အဲဒီအထဲမှာ ခြံတိုင်စိုက်လိုက်တိုင်း ပေါင်တစ်ချောင်းမြှောက်ပြီး သေး လာပန်းတဲ့
ခါးအောက်ပိုင်း Comment တွေ ရှိတယ် ။
- အဲဒီအထဲမှာ လက်ပစ်ဗုံး အလုံး သုံးဆယ် မျိုပြီး
ဖင်မှာ စနက်တံတပ်ထားတဲ့ လူ့ငနွားတွေ ရှိတယ် ။
- အဲဒီအထဲမှာ အရိုးနင်ပြီးမှ ရယ် ရတဲ့ ပြက်လုံးတွေ ရှိတယ် ။
- အဲဒီအထဲမှာ နျူကလီးယား ထက် အဆ တစ်သန်း ပြင်းတဲ့
ဝါဒညှော်တွေ ရှိတယ် ။
- အဲဒီအထဲမှာ ဘယ်သူမှမကြိုက်ဘူး ၊ လက်မခံဘူး တသသပြောနေလည်း
ထထ မြည် နေတဲ့ မိုက်ကရိုဖုန်း နဲ့ အသံချဲ့စက်အစုတ်အပြတ်တွေ ရှိတယ် ။
- ဘယ်လောက်အထိလဲဆိုတော့ အဲဒီအထဲမှာ . . .
နှစ်ချို့နေတဲ့ မြေအောင်းသားတွေ
ဝင်ချီ ၊ ထွက်ချီ လုပ်လို့ရတဲ့
ဥမင်လိုဏ်ခေါင်းတွေတောင် ရှိတယ် ။               ။


အာဂမွဏ်း


ခေတ် ထဲ က လဒများ


ခေတ် ထဲ က လဒများ
----------------------

မဆလ ခေတ် တုန်း က
သမဝါယမ စာရင်းတွေ မရှင်းနိုင်တော့ရင်
မီးရှို့ပြီး ရှင်း လိုက် တယ်

စစ် အ စိုး ရ အာဏာသိမ်းချင်တော့
တိုင်းပြည် ကို ချောက်ထဲကန်ချပြီး
လက် တစ် ကမ်း အလို ဆို ပြီး
နားလှည့် လိုက် ၊ ပါး ရိုက် လိုက် နဲ့
အာဏာသိမ်း လိုက် တယ်

အခု ၂၀၁၅ မရောက်သေးသ၍
အားလုံး ကို ရန် တိုက်
အိုးမဲတွေ နဲ့ လူတွေ နဲ့
ဘာသာရေးလိုလို
အမျိုးသားရေး လိုလို
ဘာလိုလို ၊ ညာလိုလို
ရေမှုတ်နဲ့ မီးစနဲ့
အပိုနဲ့ ဆာဒါးနဲ့
လမ်းဘေးမျက်လှည့်ဝိုင်းက“ဘင် ”တီးသံနဲ့
ဟေ့ . . . ဒီမှာ
ထမီခြုံ လို့ လဒ ဖြစ်တာ အရင်တုန်းက
ဒီ ခေတ် ထဲ မှာ တော့
ထမီ မလိုဘူး လဒ ဆိုတာ
အော်တို ထ ထ ဖြစ်လို့ ရတယ် ။ ။

အာဂမွဏ်း
 
 
 

ဟက်ပီးဘတ်သ်ဒေးသူပုန်ကြီး

ဟက်ပီးဘတ်သ်ဒေးသူပုန်ကြီး
---------------------------------


၁၉၁၅ ပထမကမ္ဘာစစ်တွင်း
ဖေဖော်ဝါရီ ၁၃ မနက်လင်းအားကြီးအချိန်
ဇေယျတု ငွေခရု မသွန်း
ကမ္ဘာမြေရဲ့သေနတ်သံ ၊ ဗုံးသံ ၊ တံပိုခရာမှုတ်လို့
အောင်ဆန်းသတို့သားကိုမွေးထုတ်ခဲ့တယ် ။

လူငယ်ရဲ့ဆန္ဒဟာ
စိတ်ကူး နဲ့ ပုံဖော် ဆွဲ မ တယ်
အဲဒီလို...စိတ်ရင်းအတိုင်း ဆွဲ မ တော့
ဘယ်အရာမှ တားမရ ၊ ပိတ်မရ
ကိုအောင်ဆန်းမှာ
ပြဒါးရှင်လုံးများရခဲ့လေသလား ။

ကလေးဘဝက သရဲကြောက်တဲ့
လူငယ်ဟာ
စစ်ဘီလူးတွေကိုနှင်ထုတ်လိုက်၊ပြန်သွင်းလိုက်
ခိုင်းချင်သလို ခိုင်းပြတဲ့အခါကျမှ
ဘီရုမာ သေးသေးလေးကို
နိုင်ငံတကာမျက်စိ ဒေါက်ထောက်ကြည့်ခဲ့ရတယ် ။

အောင်ဆန်းသတို့သားဖွားတော်မူခဏ်းဟာ
အဆန်းတကျယ်တော့မဟုတ်ဘူး
ဒီအချိန်မှာမွေးဖွာလာတဲ့
သတို့သားကိုတော့
ကမ္ဘာကြီးက
သိမ့် ကနဲနေအောင်ကြောက်ခဲ့ဘူးတယ် ။

သူပုန် ... သူပုန်
ဤမြေဝသုန်က
တိုင်းပြည်ချစ်တဲ့...သူပုန်ကို
ဒီနေ့
ယုံယုံကြည်ကြည် ဖွားတော်မူခဲ့တယ်
၁၉၁၅ ဖေဖော်ဝါရီ ၁၃ ။           ။

အာဂမွဏ်း