Thursday, August 28, 2014

ကျောင်းပြေးလေး ရဲ့ ထူလဗြစ် အချစ်ကဗျာ


ကျောင်းပြေးလေး ရဲ့ ထူလဗြစ် အချစ်ကဗျာ
----------------------------------------------------

  တစ်ကမ္ဘာလုံး ကျောင်းအပြေးဆုံးဆိုတဲ့
  လူဆိုးလေးဟာ
  နတ်သမီးရဲ့မျက်လုံးလေးကိုတွေ့လိုက်တဲ့ အခိုက်
  စနေ ၊ တနင်္ဂနွေတွေ
ေေ ကျောင်းမပိတ်ပါစေနဲ့လို့
  ဆုတောင်းခဲ့ဘူးတယ်
  ဒီ ပန်းချီကားကို ရေဆေးအပါးနဲ့ပဲဆွဲထားတယ် ။

  နွေဦးတစ်ခုမှာကျကျန်ရစ်ခဲ့တုန်းက
  ကျောင်းတော်ကြီးကိုသွားမဲ့
  နှစ်ထပ်သင်္ဘောကြီးရဲ့ခေါင်းတိုင်ကချန်ထားခဲ့တဲ့
  မီးခိုးဖြူဖြူကြီးတွေက အူလို့ကောင်းနေလိုက်တာများ
  မီးခိုးအဖြူ ကောင်းကင် အမဲ
  ဒီ ပန်းချီကားကို ရေဆေးအပါးနဲ့ပဲဆွဲထားတယ် ။

  ခလုတ်မနှိပ်ဘဲကျော်တက်သွားတဲ့
  နာရီတွေကြောင်း
  အဖျားမိခဲ့တဲ့ မျက်နှာသုတ်ပုဝါလေးအကြောင်း
  နိုင်ငံတော်အထိမီးလောင်ဘူးတဲ့
  ဆေးလိပ်တိုတွေအကြောင်း
  ဒေါသထွက်ရင် တင်းပြီးထောင်တဲ့ အောက်မေးရိုးကြောတွေအကြောင်း
  မလိမ်မိုး မလိမ္မာ တီးခေါက်နေရတဲ့ ပတ္တလားရွက်တွေအကြောင်း
  မဆို့မပို့ ထထ ခုန်တတ်တဲ့ ပလိုင်းထဲကငါးတွေအကြောင်း
  ဒီ ပန်းချီကားကို ရေဆေးအပါးနဲ့ပဲဆွဲထားတယ် ။

  လူဆိုးမို့လို့မလွမ်းတတ်ဘူး တဲ့လား
  လူဆိုးမို့လို့ မလွမ်းရဘူးတဲ့လား
  ခေတ်ကြီးကြောင့်မို့ပေါ့ဗျာ
  လွမ်းမလို့ လုပ်တုန်း
  ကျီးကန်းတွေ တအုန်းအုန်း ထထပြို နေတော့
  ဒီ ပန်းချီကားကို ရေဆေးအပါးနဲ့ဆွဲထားရာက
  ဆေးထူထူထပ်တင်
  နောက်ထပ် ဆေးထူထူတင်
ေ  ရေဆေးအပါးကြည်ကြည်လေးဟာ
  ထူလဗြစ်ကြီး ဖြစ်သွားရတော့တာပေါ့ ။

  နတ်သမီးလေး နဲ့ လူဆိုးလေးကတော့
  ဇာတ်သိမ်းခန်းမှာ
  ပရိတ်သတ်ကြီးအကြိုက်
ေ ပေါင်းဖက်ကြလေသတည်းပေါ့
  ဒါပေမဲ့ ...
  တကယ့်ကို ...
  ထူလဗြစ်ကြီးပါပဲ ။                ။

   


  အာဂမွဏ်း



 

ဒဏ်ရာ


အိပ်ဆေး စွဲတဲ့ သစ်စေ့

အိပ်ဆေး စွဲတဲ့ သစ်စေ့
----------------------------
ကျနော်ဟာ
ကမ္ဘာမြေပေါ်
သစ်စေ့ တစ်စေ့လို ... ကျ ရောက် ...
အညှောင့် အတက် ပေါက်ခဲ့ပြီ ။


မှားသသလား ၊ မှန်သလား
အဖွားပြောတဲ့ . . . . .
အိပ်ယာဝင် ပုံပြင်တွေနဲ့ တိုင်းတာ နေဆဲပါ ...
အဖွားရေ ... ။

အဖွားက တစ္ဆေ သရဲ အကြောင်း
ဘယ်တော့ မှ မပြော
သူရဲဘောကြောင်မှာစိုးလို့တဲ့ ။

သူရဲကောင်းတွေ ၊ မြေခွေးတွေ
ကျွန်တွေ ၊ ငွေကြေးတွေ
သွေးတွေ ၊ စံပယ်ပန်းတွေ
အနစ်နာခံသူတွေ ၊ မင်းဧက္ကရာဇ်တွ
နယ်ချဲ့တွေ ၊ သူပုန်တွေ
ပုံပြင်ထဲမှာပါ သူတွေဟာ
ပုံပြင်ထဲက ဇာတ်လိုက်တွေဟာ ....
... ..... ....... ............ .........
အဖွားပြောတဲ့
အိပ်ယာဝင်ပုံပြင်တွေဟာ
အခု ၄၆ နှစ်သား
ကျနော့ အတွက်တော့
ထမင်းလုံးဟာ
တစ္ဆေဖြစ်နေပြီ
အိပ်ဖို့ ... အတွက်
မနဲအားတင်း
အိပ်ဆေးတွေ .... သောက်
သစ်စေ့ ကလေး အိပ်ဆေး စွဲပေါ့ ။        ။

အာဂမွဏ်း


ကောင်းကင် ကို ခြေကန်လင်းတဲ့ ကြယ်တွေ

“ ကောင်းကင် ကို ခြေကန်လင်းတဲ့ ကြယ်တွေ ”


- အမှောင်တံခါးချပ်တွေ
တစ်ချပ်ချင်း ၊ တစ်ချပ်ချင်း
ကြယ်တွေက တွန်းဖွင့်မှ
အဲဒီကောင်းကင် လင်းလက်တာ ။


- ကိုယ့်ကိုကိုယ်
လောင်ကျွမ်းပြီး မှ
အားလုံးကို အလင်းပေးနိုင်တာ
ကြယ်တွေပါပဲ ။

- ဗိုလ်လရောင် ၊ ဂဠုန်ဆရာစံ
သခင်ဖိုးလကြီး ၊ သခင်အောင်ဆန်း
ကိုအောင်ကျော် ၊ ကိုဘဟိန်း
သခင်ကိုတော်မှိုင်း ၊ ကိုဘုန်းမော်
....................... အားလုံး
အားလုံးဟာ ကြယ်စင်တန်းကြီးပါပဲ ။

- ၈၈ အမှောင်ထုကို
ထွင်းဖေါက်
လက်မောင်းကသွေးတွေ ...
ပိုးပိုး ပေါက်ပေါက် စီးကျ
ခွပ်ဒေါင်းအလံ
မြေမခစေရဘူးကွ
ရင်ဘက်တွေ
ပွင့်ထွက် သွားစေဦး
တော်လှန်ရေး လှိုင်းတွေ က
တစ်လုံးပြီး ၊ တစ်လုံး တက်
နောက်မဆုတ်တဲ့ သွေးစီးကြောင်းက
နီမောင်း အက်ကွဲ
ကောင်းကင်ရဲ့ အမှောင်တွေဟာ
တစ်ချပ်ပြီး ၊ တစ်ချပ် ပွင့် ထွက်
အဲဒီလို ...
ကြယ်တွေ ... လင်းလက်ခဲ့တယ် ။

- အခု ...
နောက်ဆုံး တံခါးချပ်
ကြယ်ပေါင်း ရံတဲ့ ကောင်းကင်
အားလုံးမြင်ရတော့မှာပါ
လက်ခုပ် ရဲရဲတီးပါ
အိမ်တံခါးတွေ ဖွင့်ထားပါ
ကလေးတွေ ကို အိမ်ထဲက ထွက်ခိုင်းပါ
ပြီး ....
ကောင်းကင် ကို မော့ကြည်ပါ
ကြယ်တွေ အားလုံး
ရဲရဲ တင်းတင်း
လင်းလက် မယ် ။             ။

အာဂမွဏ်း

ဆက်ကြောင်း

ဆက်ကြောင်း
---------------
- အမှောင် ထဲက
အလင်းရောင်ကို
ပြူးတူးပြဲတဲကြီး တွေ့လိုက်ရတော့
ဆက်ကြောင်း ဟာ
ထင်းထင်းကြီးကို ပေါ်နေပေါ့ ...


- ဒဏ်ရာတွေ ကို ဂရုမစိုက်ပါနဲ့ကွယ်
အဲဒီဒဏ်ရာတွေဟာ
ဆေးယဉ်နေလို့ပါ
ဆက်ကြောင်း ထဲမှာ
ငါးတွေကို ကုန်းပေါ်မှာ
ရေယက်တွေနဲ့ လမ်းလျှောက်ခိုင်းလိုခိုင်း
ငှက်တွေကို ရေထဲမှာ
တောင်ပံတွေနဲ့ ရေကူးခိုင်းလိုခိုင်း

ချစ်သူရေ ...
အဲဒီ ဆက်ကြောင်း ထဲမှာ
ဆောင်းရာသီတောင်
မ အေး ရဲ ရှာ ဘူး ကွယ် ။

- ကြယ်ကြွေတာမြင်တော့
ချစ်သူဟာ ပါးစပ်လေး
ပွစိ .. ပွစိ နဲ့ ဆုတောင်းနေလေရဲ့
သူမ ရိုး အ လိုက်ပုံများ
ကျနော် ...
ရင်ဘတ်ထဲက
အကျယ်လောင်ဆုံး အော်ဟစ်မိတယ်
ကြယ်ကြွေတာ ဒီတစ်ခါတည်းမဟုတ်ဘူး
ဒီ ဆက်ကြောင်းကြီး ထဲမှာ
ကြယ်တွေ . . . ကြယ်တွေ
အကြိမ် ကြိမ် . . .
ကြွေကျခဲ့ရတာပါ ... ချစ်သူ ။           ။


အာဂမွဏ်း

ကြွေအံ ကစားပွဲ

ကြွေအံ ကစားပွဲ
-----------------
- မိစ္ဆာတွေနဲ့
ကြွေအံ ကစားတိုင်း
ငါ့ကြွေ က “ကန်း” ကို “ကန်း”လွန်းတယ် ။


- ရန်သူ ၅ ပါး ဖိစီးတိုင်း
ချစ်သူတွေ ပဲ
တက်တက်အနင်းခံရ
ငါ့ကြွေကိုက “ကန်း”လွန်းပါတယ် ။

- သေမင်းဆိုတာကြီးက ခေါ်မယ့်ခေါ်တော့လည်း
ချစ်ပါတယ်ဆိုတဲ့ သူတွေကိုမှ ရွေးရွေးပြီးခေါ်
ငဒို့ ကိုယ်တိုင်
ပေါက်တူးတွေကိုင် တူးဆွ
ဇာပန ဆိုတာကြီး ချချပေးနေရ
ငါ့ကြွေကိုက “ကန်း”လွန်းပါတယ် ။

- ချစ်သူရေ . . .
ငါ့ကြွေအံ လက်သီးဆုပ်ကို
မင့်နှုတ်ခမ်းလေး နဲ့ ဖိပြီးသာနမ်းလိုက်စမ်း
အဲဒီ ကြွေကန်း
“ ဖြန်း” ကနဲ ကွဲ
စိန်မှုန့် တွေ ကြဲ ပစ် လိုက် မယ် ။        ။


အာဂမွဏ်း



ဒါ ဒို့ပြည် ... ဒါ ဒို့ မြေ

ဒါ ဒို့ပြည် ... ဒါ ဒို့ မြေ
------------------------
* သူခိုး ဓမြ တွေ နဲ့
နေ နေ ရတဲ့ အိမ်
ဘယ်လို လုပ်
အိပ်ပျော်နိုင်မှာလဲ... အမေ . . .
ည . .ည ဆို
ခေါင်းကို ထထ စမ်းနေ ရတာ
အကျင့် ဖြစ်နေ ပြီ ။

* ညဆို..
ကုန်းကျော် တံတားပေါ်က
မြှူ ဆွယ်နေရတာ
ကျနော့ ညီမ လေ
တောင်ဒဂုံ အပြန်
ဆန် ဝယ်ဖို့ တဲ့ . . .

* နေ့ဆို
အဝေးပြေး ဂိတ်မှာ
ရေသန့်ဘူးတွေ ချပေးပါ
ဆိုတာ ကျနော့တူတွေပေါ့

* ရေ ကန် အတွင်း
ငါးမမျှားရ
ခိုးပြီး ငါးမျှား တာ
ကျနော့ တူ တူမ တွေ စားဖို့
မဆို့ မပို့ ပါ အမေ ။

* သစ်တစ်ပင် ခုတ်
ထောင်ဘယ်လောက် ကျကျ
ကျနော် တို့ ခုတ်ဖို့
သစ်တော မရှိဘူး . . .အမေ

* အမေ . . .
မှောင်မှောင် မဲမဲထဲ
ကိုယ့် ခေါင်း ကိုယ် ထစမ်း နေရတဲ့
အမျိုးတွေ ပါ . . . အမေ ။        ။

အာဂမွဏ်း