Thursday, August 28, 2014

----- ရင်ဘတ် ------


ဒီအထဲကမလာရင်
ဘယ်ဟာမှမကောင်းဘူး ။
မိတ်ကပ်တွေဘယ်လောက်ပဲဖုံးဖုံး
ရှူးဂါးကုတ်တက်တွေဘယ်လောက်သုံးသုံး
အခွံတွေ အကာတွေဟာ
အခွံတွေ အကာတွေပါပဲ ။

ဟောဒီရင်ဘတ်ကြီးမှာ
တည့်တည့်လာမှန်နေတဲ့
ကျည်ဆံတွေကို
တစ်တောင့်ချင်း ၊ တစ်တောင့်ချင်း
ဆွဲထုတ်နေရတုန်းမို့ …
ခဏတော့ သည်းခံ ။

ဒီအထဲကမလာရင်
ဘယ်ဟာမှမကောင်းဘူး ။

ဇိမ်ခံသင်္ဘောကြီး ၀ယ်မပေးနိုင်လည်း
ဟမ်းမိတ် စက္ကူ လှေလေးပေါ်
စွယ်တော်ခတ်နဲ့ ရွက်လွှင့်လိုက်မယ် ။
လကမ္ဘာပေါ် ဟမ်းနီးမွန်းမထွက်နိုင်လည်း
တောင်ကုန်းလေးပေါ်က ထုံးဖြူ စေတီလေးဘေး
လရောင်လေးငေးပြီး အေးရိပ်ခိုကြတာပေါ့ ။

ဒီအထဲကမလာရင်
ဘယ်ဟာမှမကောင်းဘူး
ကဲ … ချစ်သူရေ
မိုးတွေ ဘယ်လောက်ကြီးကြီး
ဒီ.. ထီးလေးတစ်လက်နဲ့
လောကကြီးရဲ့အပြင်ဘက်
ပူးပူးကပ်ကပ် ချီတက်ကြစို့ ။     ။


အာဂမွဏ်း


မိတ်ကပ် - Make Up
ရှူးဂါးကုတ်တက် - Sugar Coated
ဟမ်းမိတ် - Hand Made

No comments:

Post a Comment