Thursday, August 28, 2014

“ ဘာဇာတာမှမဖွဲ့ဘဲမွေးလာတဲ့ကောင် ”
----------------------------------------------------
ဘာ တာရာ ၊ ဘာ နက္ခတ်
ဘာ စန်း ၊ ဘာ လဂ်
ဘာ ဂြိုဟ် ၊ ဘာ န၀င်း မှ မတိုက်စစ်ဘဲ
မိခင်သားအိမ် က ထိုးဖောက်
လူ့လောကထဲ
ဗမာပြည်ထဲ
ရဲရဲကြီး လူ ဖြစ်ခဲ့တယ် ။

မသိတတ်သေးခင် ဗုဒ္ဓရုပ်ပွါးတော်ရှေ့
မိရိုးဖလာက ခေါ်သွားတယ်
ဘုရားကနှုတ်ခမ်းနီတွေနဲ့”လိုပြောတဲ့
ကလေးစကားကို ငရဲအကြီးကြီးနဲ့
ခြိမ်းခြောက်ခံလိုက်ရချိန်
အဲဒီ အချိန် ၊ အဲဒီ နေရာမှာ
အကြောက်တရားဟာ
နှလုံးသားမှာ ဖွားတော်မူခဲ့တယ် ။

မွေးနေ့ သောကြာ တနင်္လာ ဆံသဆိုင်
ပြသဒါး ရက်ရာဇာ နိဗ္ဗာန်ကုန်
အောင်စံဖြိုး SPA
သောင်္ကြာ ဇိမ်ခံသင်္ဘော
ဂြိုဟ်တိုင်တွေ ဂါထာတွေ
သက်စေ့စာအံသံတွေ
ဖြေး ဖြေး ဖြေး ပါ ဆရာကြီး
ကျုပ်ဆိုတဲ့ကောင်
ဂူထဲက လင်းနို့သား ငါးရာထဲ မှာမပါရိုးအမှန်ပါ ။

မောင်သာရရဲ့စာအုပ်တွေကြိုက်တယ်
အကျီ င်္ဟောင်းဟောင်းရွေးဝတ်တတ်တယ်
လွယ်အိတ်အကြီးကြီးလွယ်တတ်တယ်
စာအုပ်ထူထူကြီးတွေဖတ်တတ်တယ်
ကဗျာမတောက်တခေါက်ရေးတတ်တယ်
ငွေစကူရာတန်တွေ ၊ ၇၅ကျပ်တန်တွေ ၊ ၃၅ကျပ်တန်တွေ
ကျောင်းလခမဆပ်ရသေးတဲ့အကြွေးတွေ
RIT က စက်မှုကျောင်းသားသူရဲကောင်းတွေ
တံတားနီတွေ ၊ ၈၈ ရဲ့ယမ်းငွေ့တွေ ရင်ဘတ်ကိုလာမှန်တယ်
အဲဒီမှာ … … … အဲဒီဇာတ်မှာ
သံစည်ပိုင်းတွေနဲ့ကာထားတဲ့အခန်းကျဉ်းထဲက
၄၀ ၀ပ် မီးသီးလေးအောက်မှာ
ပိတ်ထားတဲ့မျက်လုံးထဲက ကြယ်တွေ လတွေ ဂြိုဟ်တွေကြားမှာ
လက်သီး နဲ့ ဆေးပေါ့လိပ် လဲလှယ်တဲ့ နိယာမကို
ကျုပ် စ တင် တွေ့ ရှိ ခဲ့ တယ် ။

လခစား လာခစား
၁သိန်းငါးသောင်းဆိုတဲ့ သေတ္တာပုံးထဲကိုထည့်ပြီးခလောက်တယ်
ဝန်ထမ်း ၀န်ထမ်း သိတယ်နော် ၀န်ထမ်း
နားထဲ ရင်ထဲကို မဒိမ်းကျင့်တယ်
အမှန်ခြစ်ရမယ့်နေရာတွေမှာ အမှား တွေခြစ်ခိုင်းတယ်
အချိန်ပိုလည်းဒါပဲ ၊ အလိမ်ပိုရင်လည်းဒါပဲ သင်တန်းတွေပို့ချတယ်
သူခိုးကတိုင်းပြည်ကောင်းဖို့လုပ်ပါလို့လွှင့်နေတဲ့ဒေသနာတွေ နာကြားနေရတယ်
ဗျို့ … ဆရာကြီး ကျုပ်အဲဒီလောက်ပါရမီမရင့်ဘူး ။

ဘာဇာတာမှ မဖွဲ့ထားတဲ့ကောင်လည်း
ဂြိုလ်ခွင်တွေကြား သက်ရောက်ရောက်နေတဲ့
အတ္တသေးသေးမွှားမွှားလေးအတွက် တိုင်ပတ်လို့
ပါပ နဲ့ သောမ အော်လတာနေးတစ်ဖြစ်တည်မှု
ဖော်မြူလာစီးကြောင်းအတိုင်းသွားနေရမယ့်အစား
ပါပတွေနဲ့ချည်းနေရတာများပါတယ်
နိုင်ငံခြားပဲ Migrate လုပ်ရတော့မလိုလို
အမိနိုင်ငံတော်ကြီးကိုပဲ ကျေးဇူးကြီးကြီးဆပ်ရတော့မလိုလို
ဟိုမရောက် ဒီမရောက်
ချိုတွေတော့ပေါက်ခဲ့တယ်
အသက်ကြီးလာလေလေ
ချိုကပိုရှည်လေဖြစ်မှ လူရှိန်တယ် ဆိုတဲ့ ဖော်မြူလာက
မွေးရာပါ ဖွားဘက်တော်လို အမြဲအရေးကြီးကြီးနေတော့
ကုန်းကျော်တံတားကကျော်ရမယ့်စည်ကမ်းချိုးဖေါက်ဖို့
ယဉ်ထိမ်းရဲတွေ ကို မမြင်ချင်ရောင်ဆောင်ဖို့
Pause ခလုတ်နှိပ်ထားတယ်
ချစ်သူရေ မျဉ်းကြားကိုရှောင်ပြီး စလိုးမိုးရှင်းသာလာခဲ့ပေတော့
တိုင်းပြည်ရောင်းစားနေတဲ့ကောင်တွေထက် အပြစ်ကင်းတယ်
ဒါဟာ ဒို့ချစ်ခြင်း
ပစ်ကွင်းမမှန်အောင် မပစ်တတ်တာလေးကလွဲရင်ပေါ့
ဇာတာမဖွဲ့ကောင်ရဲ့ကတော်ရေ …
လောကဒဏ် ကို ရဲရဲကြီးသာခံပေရော့
ဒူးနေရာနဲ့ တော်နေရာ ဘာမှကို မရွေးတတ်တဲ့ ခရီးဖော်ရေ …
ဒုတိယအရွယ်မှာမှ စီးပွါး ရဲရဲမရှာတတ်တဲ့ ကောင်နဲ့
မိသားစုအရေးလောက်တောင်မှ
ဘာညာ သာရကာ နေကြာ ကွာစိ မလုပ်ချင်တဲ့
အိမ်ဦးနတ်ကို ဒီ ခေတ်ကြီးထဲ
သည်းခံနိုင်တာကိုပဲ
မောင်ဖုရားက ဆုတံဆိပ်တွေ ရင်ဘတ်ကြီးထဲက
အကြိမ်ကြိမ်ပေးလိုက်ပါရဲ့
အမြန်ချောပို့ မရှိတဲ့နေရပ်တွေကိုကျော်နေတာတော့
မြန်မာပြည်တွင်လုပ်သည် ဆိုတာ မဖုရား နားလည်မှာပါ ။

သို့……/ ဇာတာ
မှ/ ဂြိုလ်ကောင်
- ချိန်သီးတွေကို သေချာစွာစစ်ဆေးပါ …
- ခရီးဝေးသွားလျှင် ဆီ ၊ ရေ ၊ လေ ၊ ၀ိုင် သေချာစွာ တိုင်းတာပါ …
- အမှန်အတိုင်းပြောလျှင် လူမုန်းများတတ်ပါသည် လို့ပြောတဲ့သတ္တ၀ါရုပ်ကြွင်းကို
ပြတိုက်ရဲ့ချောင်ကျကျနေရာတစ်ခုကိုရွှေ့ပေးပါ …
- ဒီနေ့ အကြွေးမရောင်းပါ စာရွက်တွေကို
မိတ္တူများများဆွဲထားပါ …
- ဥတုရာသီတောကိုမှီသည်ဆိုတဲ့ ဆိုင်းဘုတ်တွေကို
လုပ်သက်ခွင့် ရက်ရှည်ရှည် ပေးသနားလိုက်ပါ …
- နိုင်ငံတော်အုပ်ချုပ်သူရဲ့ ဓါတ်ပုံတွေကို
သန့်စင်ခန်းလိုနေရာမျိုးတွေမှာ မချိတ်ကြဖို့
ယဉ်ကျေးစွာ မေတ္တာရပ်ခံပေးပါ ….
ဒီလောက်ပါပဲ ဒီလောက်ပါပဲနဲ့
တင်တော်တော်ကို ရှည်ကြောသွားပြီ
ဆိုင်းဘုတ်နည်းနည်း
အပြောနည်းနည်း
နှမ်းနည်းနည်း
အပလာနည်းနည်း
အချိုမှုန့်မပါ
စားအုန်းဆီမပါ
ဆိတ်ဝှေးစေ့မပါ
စုန်းပြူးမပါ
ဖောရှောမပါ
ကြွက်ချေးမပါ
မျက်နှာပြောင်တွေမပါတဲ့
ဗိုက်တာမင်ကောင်းကောင်း
အောက်စီဂျင်ကောင်းကောင်း
မျိုးစေ့ကောင်းကောင်း
အားကောင်းမောင်းသန်
နိုင်ငံတော်အသစ်ချက်ချွတ်တည်ထောင်ချင်လို့ပါ
အစွဲကြောင့် မကျွတ်မလွတ်သေးတဲ့ ထိုင်ခုံတွေ
ခြစားနေတဲ့ သော့ခလောက်တွေ
မှိုတက်နေတဲ့ အုပ်ဆောင်းတွေ
အိုင်စီကြောင်နေတဲ့ ဓါတ်ပြားဟောင်းကြီးတွေ
ပြုတ်လို့မှ မနူးတဲ့ သင်းကွပ်နွားသားအရင့်အမာကြီးတွေကို
ပါဆယ်ကောင်းကောင်းထုပ်ပြီး
မီးပြင်းပြင်းရှို့လိုက်ပါ
ပြာအမှုန်သေးသေးလေးတောင်မကျန်အောင်လုပ်ပေးပါ
နိုင်ငံတော်အသစ်ချက်ချွတ်တည်ထောင်ချင်လို့ပါ
ဒါပါပဲ …
စာအိတ်ပိတ်
တံဆိပ်ခေါင်းကပ်
ရက်ဂျက်စတာစာရင်းထဲထည့်
ဖြတ်ပိုင်းလေးလက်ခံလိုက်တယ်
စိတ်မရှိပါနဲ့ဗျာ တစ်ခုလောက်မေးပါရစေ
ဒီစာပို့တာဘယ်နှရက်လောက်ကြာမှာလဲဗျ
စာလက်ခံသူ အမျိုးသမီးကြီးရဲ့
မျက်လုံးကနေ မီးခိုးတွေထွက်လာတယ်
အဲဒီအချိန်မှာပဲ
ဘာဇာတာမှမဖွဲ့ဘဲမွေးလာတဲ့ကောင်ရဲ့သား
ဂျူနီယာ ဘာဇာတာမှမဖွဲ့ကောင်က
ထွတ်ထွတ်ခေါ်ခေါ် လေသံမာမာနဲ့
“ အဖေ စကားအကြာကြီးပြောချင်ရင်
အဲဒီစာအိတ်နဲ့လိုက်သွားပေတော့
ကျနော် နိုင်ငံတော်အသစ်ချက်ချွတ်ကိုသွားတော့မယ် ”
ပြောပြီးချက်ချင်းထွက်သွားတော့တယ်
သြော် … အသက်ရလာ ရင် ခဏခဏမေ့တတ်တာ
မကောင်းတဲ့လကဏာပါဘဲ
ဘာပဲဖြစ်ဖြစ် နိုင်ငံတော်အသစ်ချက်ချွတ်တည်ထောင်ချင်တယ် ။     ၊


အာဂမွဏ်း

No comments:

Post a Comment