Thursday, August 28, 2014

ကျောင်းပြေးလေး ရဲ့ ထူလဗြစ် အချစ်ကဗျာ


ကျောင်းပြေးလေး ရဲ့ ထူလဗြစ် အချစ်ကဗျာ
----------------------------------------------------

  တစ်ကမ္ဘာလုံး ကျောင်းအပြေးဆုံးဆိုတဲ့
  လူဆိုးလေးဟာ
  နတ်သမီးရဲ့မျက်လုံးလေးကိုတွေ့လိုက်တဲ့ အခိုက်
  စနေ ၊ တနင်္ဂနွေတွေ
ေေ ကျောင်းမပိတ်ပါစေနဲ့လို့
  ဆုတောင်းခဲ့ဘူးတယ်
  ဒီ ပန်းချီကားကို ရေဆေးအပါးနဲ့ပဲဆွဲထားတယ် ။

  နွေဦးတစ်ခုမှာကျကျန်ရစ်ခဲ့တုန်းက
  ကျောင်းတော်ကြီးကိုသွားမဲ့
  နှစ်ထပ်သင်္ဘောကြီးရဲ့ခေါင်းတိုင်ကချန်ထားခဲ့တဲ့
  မီးခိုးဖြူဖြူကြီးတွေက အူလို့ကောင်းနေလိုက်တာများ
  မီးခိုးအဖြူ ကောင်းကင် အမဲ
  ဒီ ပန်းချီကားကို ရေဆေးအပါးနဲ့ပဲဆွဲထားတယ် ။

  ခလုတ်မနှိပ်ဘဲကျော်တက်သွားတဲ့
  နာရီတွေကြောင်း
  အဖျားမိခဲ့တဲ့ မျက်နှာသုတ်ပုဝါလေးအကြောင်း
  နိုင်ငံတော်အထိမီးလောင်ဘူးတဲ့
  ဆေးလိပ်တိုတွေအကြောင်း
  ဒေါသထွက်ရင် တင်းပြီးထောင်တဲ့ အောက်မေးရိုးကြောတွေအကြောင်း
  မလိမ်မိုး မလိမ္မာ တီးခေါက်နေရတဲ့ ပတ္တလားရွက်တွေအကြောင်း
  မဆို့မပို့ ထထ ခုန်တတ်တဲ့ ပလိုင်းထဲကငါးတွေအကြောင်း
  ဒီ ပန်းချီကားကို ရေဆေးအပါးနဲ့ပဲဆွဲထားတယ် ။

  လူဆိုးမို့လို့မလွမ်းတတ်ဘူး တဲ့လား
  လူဆိုးမို့လို့ မလွမ်းရဘူးတဲ့လား
  ခေတ်ကြီးကြောင့်မို့ပေါ့ဗျာ
  လွမ်းမလို့ လုပ်တုန်း
  ကျီးကန်းတွေ တအုန်းအုန်း ထထပြို နေတော့
  ဒီ ပန်းချီကားကို ရေဆေးအပါးနဲ့ဆွဲထားရာက
  ဆေးထူထူထပ်တင်
  နောက်ထပ် ဆေးထူထူတင်
ေ  ရေဆေးအပါးကြည်ကြည်လေးဟာ
  ထူလဗြစ်ကြီး ဖြစ်သွားရတော့တာပေါ့ ။

  နတ်သမီးလေး နဲ့ လူဆိုးလေးကတော့
  ဇာတ်သိမ်းခန်းမှာ
  ပရိတ်သတ်ကြီးအကြိုက်
ေ ပေါင်းဖက်ကြလေသတည်းပေါ့
  ဒါပေမဲ့ ...
  တကယ့်ကို ...
  ထူလဗြစ်ကြီးပါပဲ ။                ။

   


  အာဂမွဏ်း



 

ဒဏ်ရာ


အိပ်ဆေး စွဲတဲ့ သစ်စေ့

အိပ်ဆေး စွဲတဲ့ သစ်စေ့
----------------------------
ကျနော်ဟာ
ကမ္ဘာမြေပေါ်
သစ်စေ့ တစ်စေ့လို ... ကျ ရောက် ...
အညှောင့် အတက် ပေါက်ခဲ့ပြီ ။


မှားသသလား ၊ မှန်သလား
အဖွားပြောတဲ့ . . . . .
အိပ်ယာဝင် ပုံပြင်တွေနဲ့ တိုင်းတာ နေဆဲပါ ...
အဖွားရေ ... ။

အဖွားက တစ္ဆေ သရဲ အကြောင်း
ဘယ်တော့ မှ မပြော
သူရဲဘောကြောင်မှာစိုးလို့တဲ့ ။

သူရဲကောင်းတွေ ၊ မြေခွေးတွေ
ကျွန်တွေ ၊ ငွေကြေးတွေ
သွေးတွေ ၊ စံပယ်ပန်းတွေ
အနစ်နာခံသူတွေ ၊ မင်းဧက္ကရာဇ်တွ
နယ်ချဲ့တွေ ၊ သူပုန်တွေ
ပုံပြင်ထဲမှာပါ သူတွေဟာ
ပုံပြင်ထဲက ဇာတ်လိုက်တွေဟာ ....
... ..... ....... ............ .........
အဖွားပြောတဲ့
အိပ်ယာဝင်ပုံပြင်တွေဟာ
အခု ၄၆ နှစ်သား
ကျနော့ အတွက်တော့
ထမင်းလုံးဟာ
တစ္ဆေဖြစ်နေပြီ
အိပ်ဖို့ ... အတွက်
မနဲအားတင်း
အိပ်ဆေးတွေ .... သောက်
သစ်စေ့ ကလေး အိပ်ဆေး စွဲပေါ့ ။        ။

အာဂမွဏ်း


ကောင်းကင် ကို ခြေကန်လင်းတဲ့ ကြယ်တွေ

“ ကောင်းကင် ကို ခြေကန်လင်းတဲ့ ကြယ်တွေ ”


- အမှောင်တံခါးချပ်တွေ
တစ်ချပ်ချင်း ၊ တစ်ချပ်ချင်း
ကြယ်တွေက တွန်းဖွင့်မှ
အဲဒီကောင်းကင် လင်းလက်တာ ။


- ကိုယ့်ကိုကိုယ်
လောင်ကျွမ်းပြီး မှ
အားလုံးကို အလင်းပေးနိုင်တာ
ကြယ်တွေပါပဲ ။

- ဗိုလ်လရောင် ၊ ဂဠုန်ဆရာစံ
သခင်ဖိုးလကြီး ၊ သခင်အောင်ဆန်း
ကိုအောင်ကျော် ၊ ကိုဘဟိန်း
သခင်ကိုတော်မှိုင်း ၊ ကိုဘုန်းမော်
....................... အားလုံး
အားလုံးဟာ ကြယ်စင်တန်းကြီးပါပဲ ။

- ၈၈ အမှောင်ထုကို
ထွင်းဖေါက်
လက်မောင်းကသွေးတွေ ...
ပိုးပိုး ပေါက်ပေါက် စီးကျ
ခွပ်ဒေါင်းအလံ
မြေမခစေရဘူးကွ
ရင်ဘက်တွေ
ပွင့်ထွက် သွားစေဦး
တော်လှန်ရေး လှိုင်းတွေ က
တစ်လုံးပြီး ၊ တစ်လုံး တက်
နောက်မဆုတ်တဲ့ သွေးစီးကြောင်းက
နီမောင်း အက်ကွဲ
ကောင်းကင်ရဲ့ အမှောင်တွေဟာ
တစ်ချပ်ပြီး ၊ တစ်ချပ် ပွင့် ထွက်
အဲဒီလို ...
ကြယ်တွေ ... လင်းလက်ခဲ့တယ် ။

- အခု ...
နောက်ဆုံး တံခါးချပ်
ကြယ်ပေါင်း ရံတဲ့ ကောင်းကင်
အားလုံးမြင်ရတော့မှာပါ
လက်ခုပ် ရဲရဲတီးပါ
အိမ်တံခါးတွေ ဖွင့်ထားပါ
ကလေးတွေ ကို အိမ်ထဲက ထွက်ခိုင်းပါ
ပြီး ....
ကောင်းကင် ကို မော့ကြည်ပါ
ကြယ်တွေ အားလုံး
ရဲရဲ တင်းတင်း
လင်းလက် မယ် ။             ။

အာဂမွဏ်း

ဆက်ကြောင်း

ဆက်ကြောင်း
---------------
- အမှောင် ထဲက
အလင်းရောင်ကို
ပြူးတူးပြဲတဲကြီး တွေ့လိုက်ရတော့
ဆက်ကြောင်း ဟာ
ထင်းထင်းကြီးကို ပေါ်နေပေါ့ ...


- ဒဏ်ရာတွေ ကို ဂရုမစိုက်ပါနဲ့ကွယ်
အဲဒီဒဏ်ရာတွေဟာ
ဆေးယဉ်နေလို့ပါ
ဆက်ကြောင်း ထဲမှာ
ငါးတွေကို ကုန်းပေါ်မှာ
ရေယက်တွေနဲ့ လမ်းလျှောက်ခိုင်းလိုခိုင်း
ငှက်တွေကို ရေထဲမှာ
တောင်ပံတွေနဲ့ ရေကူးခိုင်းလိုခိုင်း

ချစ်သူရေ ...
အဲဒီ ဆက်ကြောင်း ထဲမှာ
ဆောင်းရာသီတောင်
မ အေး ရဲ ရှာ ဘူး ကွယ် ။

- ကြယ်ကြွေတာမြင်တော့
ချစ်သူဟာ ပါးစပ်လေး
ပွစိ .. ပွစိ နဲ့ ဆုတောင်းနေလေရဲ့
သူမ ရိုး အ လိုက်ပုံများ
ကျနော် ...
ရင်ဘတ်ထဲက
အကျယ်လောင်ဆုံး အော်ဟစ်မိတယ်
ကြယ်ကြွေတာ ဒီတစ်ခါတည်းမဟုတ်ဘူး
ဒီ ဆက်ကြောင်းကြီး ထဲမှာ
ကြယ်တွေ . . . ကြယ်တွေ
အကြိမ် ကြိမ် . . .
ကြွေကျခဲ့ရတာပါ ... ချစ်သူ ။           ။


အာဂမွဏ်း

ကြွေအံ ကစားပွဲ

ကြွေအံ ကစားပွဲ
-----------------
- မိစ္ဆာတွေနဲ့
ကြွေအံ ကစားတိုင်း
ငါ့ကြွေ က “ကန်း” ကို “ကန်း”လွန်းတယ် ။


- ရန်သူ ၅ ပါး ဖိစီးတိုင်း
ချစ်သူတွေ ပဲ
တက်တက်အနင်းခံရ
ငါ့ကြွေကိုက “ကန်း”လွန်းပါတယ် ။

- သေမင်းဆိုတာကြီးက ခေါ်မယ့်ခေါ်တော့လည်း
ချစ်ပါတယ်ဆိုတဲ့ သူတွေကိုမှ ရွေးရွေးပြီးခေါ်
ငဒို့ ကိုယ်တိုင်
ပေါက်တူးတွေကိုင် တူးဆွ
ဇာပန ဆိုတာကြီး ချချပေးနေရ
ငါ့ကြွေကိုက “ကန်း”လွန်းပါတယ် ။

- ချစ်သူရေ . . .
ငါ့ကြွေအံ လက်သီးဆုပ်ကို
မင့်နှုတ်ခမ်းလေး နဲ့ ဖိပြီးသာနမ်းလိုက်စမ်း
အဲဒီ ကြွေကန်း
“ ဖြန်း” ကနဲ ကွဲ
စိန်မှုန့် တွေ ကြဲ ပစ် လိုက် မယ် ။        ။


အာဂမွဏ်း



ဒါ ဒို့ပြည် ... ဒါ ဒို့ မြေ

ဒါ ဒို့ပြည် ... ဒါ ဒို့ မြေ
------------------------
* သူခိုး ဓမြ တွေ နဲ့
နေ နေ ရတဲ့ အိမ်
ဘယ်လို လုပ်
အိပ်ပျော်နိုင်မှာလဲ... အမေ . . .
ည . .ည ဆို
ခေါင်းကို ထထ စမ်းနေ ရတာ
အကျင့် ဖြစ်နေ ပြီ ။

* ညဆို..
ကုန်းကျော် တံတားပေါ်က
မြှူ ဆွယ်နေရတာ
ကျနော့ ညီမ လေ
တောင်ဒဂုံ အပြန်
ဆန် ဝယ်ဖို့ တဲ့ . . .

* နေ့ဆို
အဝေးပြေး ဂိတ်မှာ
ရေသန့်ဘူးတွေ ချပေးပါ
ဆိုတာ ကျနော့တူတွေပေါ့

* ရေ ကန် အတွင်း
ငါးမမျှားရ
ခိုးပြီး ငါးမျှား တာ
ကျနော့ တူ တူမ တွေ စားဖို့
မဆို့ မပို့ ပါ အမေ ။

* သစ်တစ်ပင် ခုတ်
ထောင်ဘယ်လောက် ကျကျ
ကျနော် တို့ ခုတ်ဖို့
သစ်တော မရှိဘူး . . .အမေ

* အမေ . . .
မှောင်မှောင် မဲမဲထဲ
ကိုယ့် ခေါင်း ကိုယ် ထစမ်း နေရတဲ့
အမျိုးတွေ ပါ . . . အမေ ။        ။

အာဂမွဏ်း



လနတ်သမီးနဲ့ ချိန်းတွေ့တဲ့ ည

လနတ်သမီးနဲ့ ချိန်းတွေ့တဲ့ ည
---------------------------------
- တိမ်စင်တဲ့ ည
လနတ်သမီးနဲ့
တွေ့တဲ့ တစ်ည သား .....
ညဟာ
လနတ်သမီးရဲ့
ပါးပြင်ကိုမှ
“နမ်းချင်သတဲ့လေ” ။


- မွမ်းကြပ်တဲ့ အချိန်
“ည”ဟာ
အသက်ပြင်းပြင်းရှူလိုက်တော့
လေပြေတွေထဲ
ဝတ်မှုံတွေ . . . ၀တ်မှုံတွေ . . . ၀တ်မှုံတွေ
နှလုံးသားထဲစီး
ဝတ်မှုံ ဒဏ်ရာရ
“ည”ဟာ
အချစ်ဖျား ဖျားပေါ့ . . . ငွေလမင်းရယ် ။

- နောက်ထပ် “ လမင်းည” များ
တွေ့လေမလားလို့
ည ဟာ ည ကို လိုက်ရှာ
ပန်းပွင့်တွေ ၊ ကြယ်တွေ ၊ ပင်လယ်တွေ ၊ ငါးပျံတွေ ၊
ပိုးစုန်းကြူးတွေ ၊ ၀တ်ဆံတွေ ၊ ကြာရွက်တွေ ၊ မီးပုံးတွေ
စပယ်ပန်းဖြူဖြူ လေးတွေ ကြား
လမင်း ကိုလိုက်ရှာ . . . လိုက်လို့ရှာ
ဒီညတော့ . . .
“ည”ဟာ
လ ရေးရေး လေးကိုတောင်မှ
မမြင်ရ ရင် မနေနိုင် ။           ။

အာဂမွဏ်း

သံခြေကျဉ်းလမ်းခွဲ

သံခြေကျဉ်းလမ်းခွဲ
---------------------
ချစ်သူရေ
အမှန်တရားရှိမလားလို့
အပ်
တစ်
ဖျားလေး
ချ ခဲ့မိတာပါ
အခုလို...
နွေမ၀င်ခင်မှာတောင်
ချွေးဒီးဒီး ကျနေပေါ့ . . .

ဒဂယ့်နွေကြီးရောက်ရင်ဖြင့်
သစ်သီးအရင့်အမာကြီးတွေတောင်
ပုပ်သိုးရ
လွယ်မှ . . လွယ်သနဲ့
ခပ်ဝေးဝေးမှာပဲနေ ။           ။

အာဂမွဏ်း
( ၂၀ . ၂ . ၂၀၁၃ )

ဘာမှန်းမသိတော့တဲ့ . . . ဆီးဖြူသီး

ဘာမှန်းမသိတော့တဲ့ . . . ဆီးဖြူ သီး
@@@@@@@@@@@@@@@

ငယ်ငယ် တုန်း က
စကော ထဲ က ဆီးဖြူသီး တစ်လုံး
အင်္ဂလိပ်စာ ၅ တန်း မှ သင် ရ တဲ့ အတန်း
ဗန္ဓုလ နဲ့ ဗိုလ်ချုပ်အောင်ဆန်း
လေထန်ကုန်း မလာခင် ဒလကြမ်း ပြေးခဲ့ရတယ်
အဲဒီတုန်းက . . .
ဆီးဖြူသီး ဟာ ဆယ်တန်း ။


၁၀၀ိ
၇၅ိ ၊ ၃၅ိ ၊ . . . .
တံတားနီ
မြေနီကုန်း
ဇော်ဝမ်းတိုး
ဘစိန် ထောက်လှမ်းရေး
လေတပ် ကင်တင်း
ရန်ကုန်တက္ကသိုလ် မနုသ အမဲလိုက်ပွဲ
ကျောင်းတွေပိတ်လိုက်ပြီ
နှစ်ထပ်သင်္ဘောကြီးပေါ် က ၂၅ိ ကျပ်တန်ခေါက်ဆွဲကြော်
၈၈၈၈
ရေဒီယို ၊ ရုပ်မြင်သံကြား က မျဉ်းစောင်းတွေ
အဲဒီတုန်းက . . .
ဆီဖြူသီး ဟာ ဒုတိယနှစ် ။

စကော ထဲ က ဆီးဖြူသီး ဟာ
ဒီ စကော ထဲ က နောက် စကော ထဲ ကို အပြောင်းခံလိုက်ရတယ်
ဒီလိုနဲ့ . . .
စကော ထဲ က ကျောင်းမှာပဲဘွဲ့ရခဲ့ ။
စကော ထဲ မှာ ပဲ အလုပ် ၀င်
အလှည့် ခံ ရ တဲ့
ဆီးဖြူသီး
နောက်ထပ် စကော တစ်ခု ထဲ
ထပ် အပြောင်းခံ လိုက်ရတယ် ။ ။

အာဂမွဏ်း

ပုသိမ် ( ၂ )

ပုသိမ် ( ၂ )
@@@@@

လမ်းဆုံး မြို့
ဗိုလ်ချုပ်အောင်ဆန်းလာတုန်းက . . .
ဆိပ်ခံဘောတံတားပေါ်သူပြုတ်ကျသွားတဲ့ကောက်ညှင်းထုပ်သူပြန်ကောက်စားတဲ့ မြို့
၈၈ တုန်းက ကျောက်ပြင် နဲ့ ထမီ အပို့ ခံရတဲ့ မြို့
ဟာလ၀ါ ၊ ထီး နာမည်ကြီး တဲ့ မြို့
ထူးအိမ်သင် ခေါင်းချချင်တဲ့ မြို့
မနက် ၁၀ နာရီ မှ နံက်စာ မုန့်ဟင်းခါး နဲ့ လ္ဘက်ရည် ထပြီး သုံးဆောင်တဲ့ မြို့
လမ်း ကို ဖြေးဖြေး ပဲ လျှောက်တတ်တဲ့ မြို့
ညနေ ဆိုရင် ကော်ရည်သောက်ရ မှ အာသာပြေတဲ့ မြို့
ည ရောက် ပြီး ၁၂ နာရီ မကျော်ရင် မအိပ်တတ်တဲ့ မြို့
စစ် အစိုးရ နဲ့ အပေါင်းအပါများ အောင်မြေနင်းတဲ့ မြို့
တောကြောင်တွေ ဇီး မ တင် တဲ့ မြို့
ချောင်းသာ ၊ ငွေဆောင် ကြောင့် တစ်ထောက်နားဧည့်သည်တွေ ပေါတဲ့ မြို့
ဟိုတုန်းက သင်္ဘောစီးပြီး အခုတော့ ကားပဲစီးတဲ့ မြို့
၁၄ မျဉ်းစောင်း မြို့
ပွဲလမ်း ရှိ မှ ၊ ဧည့်သည် လာ မှ ရွှေမုဋ္ဌောဘုရား တက်ပြီး ရွှေချတဲ့ မြို့
နိဂြောဓါ ဘုရားလှည့်ရင် ရှမ်းကုန်သည်ကို ဓမြတိုက်တဲ့ မြို့
ကန်တစ်ဆက်တည်းပေမဲ့ ရေကြည် နဲ့ ရေနောက် ကွဲ နေတဲ့ မြို့
ကန်သုံးဆင့် ဆိုတဲ့ ချစ်သူ့နယ်မြေ ရှိတဲ့ မြို့
ဆန်တင်သင်္ဘောပေါ်မှာ ငါးသုံးလုံးစီးကရက်ဝယ်ရတဲ့ မြို့
မ ဆ လ ခေတ် တုန်းက ဆေးရုံမှာ ကလေးမမွေးပဲဖက်တားဆေးခန်းမှာကလေးမွေးတဲ့ မြို့
စစ်အစိုးရ က ရိုးသားကြိုးစားဧရာဝတီသားဆိုင်းဘုတ်ဘလိုင်းကြီးအတင်ခံရတဲ့ မြို့
ရေနက်ကွင်းစီမံကိန်းဆိုပြီးပထမဦးဆုံးလယ်အသိမ်းခံရတဲ့ မြို့
“ အဲ ဗား ၀ဲလ် ကမ်း ” ပါ လို့
ဧည့်သည် ရေ . . .
သူ ကို နာ အောင် မ ချ ရင် ပြော နေ ဦး မဲ့ . . . မြို့ ။          ။




အာဂမွဏ်း


Face Book ( ဖေ့စ်ဘုတ်ခ် )

ဖေ့စ်ဘုတ်ခ်
------------
- ဖေ့စ်ဘုတ်ခ် ဟာ ချစ်သူရဲ့သွားလှလှလေးမှာ ညပ်နေတဲ့ အစာအစအနတွေကို
ထိုးကော် ဖို့ သွားကြားထိုးတံတစ်ချောင်း ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ လက်ကမြင်းသူတွေ ရဲ့ အိမ်သာနံရံ ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ နေ့စဉ်ထုတ်သတင်းစာတစ်စောင် ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ အငွေ့မထွက်တဲ့ ဘိန်းပြောင်းတစ်လက် ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ တော်လှန်ရေး ရဲ့ လက်ကမ်းစာစောင် ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ နေ့ထူးနေ့မြတ် အခန်းအနားကျင်းပတဲ့ ခန်းမ ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ မကျေနပ်ရင် ခေါင်းထည့်အော်လို့ရတဲ့ စဉ့်အိုးတစ်လုံး ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ အရောင်တောက်နေတဲ့ ငွေရောင်အလှူခံဖလား ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ အလှ ၊ ရမက် ၊ စည်းစိမ် ၊ လက်နက် ၊ ဂုဏ် ပေါ်တင်ထုတ်ကြွားလို့ရတဲ့
“ ရှိုးပွဲ ” ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ ရည်းစားစာ ကို လူသိရှင်ကြားရေးလို့ရတဲ့
ပန်းနုရောင်စာအုပ်တစ်အုပ် ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ ထင်းရူးပုံးလေးနဲ့ရောင်းတဲ့အရက်ဆိုင်ဘေးမှာ
အဖီလေးချထားတဲ့ အမြည်းဆိုင် ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ ၀ါဒမတူသူတွေ
ကလောင်ချင်း စီးချင်းထိုးတဲ့ကွင်းတစ်ကွင်း ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ အနီရောင်ဆေးခြယ်မထားတဲ့ စာတိုက်ပုံး ဖြစ်တယ် ။
- ဖေ့စ်ဘုတ်ခ် ဟာ မြေမြှုပ်မိုင်းတွေနဲ့ပြည့်နေတဲ့ သားသတ်ကွင်း ဖြစ်တယ်
- ဖေ့စ်ဘုတ်ခ် ဟာ ကောင်းတဲ့သူတွေရော ၊ မကောင်းတဲ့သူတွေပါ
သေရင်ထည့်တဲ့ ကိုပန်ချာရဲ့ အခေါင်းတစ်လုံး ဖြစ်တယ် ။
- အဲဒီအထဲမှာ သုခုမတွေ ရှိတယ် ။
- အဲဒီအထဲမှာ ချစ်သူတွေ ၊ မချစ်သူတွေ ၊ သူငယ်ချင်းတွေ ၊ မသူငယ်ချင်းတွေ
ကဗျာဆရာတွေ ၊ လူညာတွေ ရှိတယ် ။
- အဲဒီအထဲမှာ မှင်မထွက်တဲ့ ဘောပင်တွေ ရှိတယ် ။
- အဲဒီအထဲမှာ ခေတ်ကြီးကိုလိမ်ဖို့ Paper Work နဲ့ Data တွေ ရှိတယ် ။
- အဲဒီအထဲမှာ မောင်ချောနွယ်ပြောဘူးတဲ့ မိတ်ဆွေစစ်စစ် နဲ့ ရန်သူစစ်စစ်ရယ်
ဟိုလိုလို ဒီလိုလိုအကောင်တွေရယ် ရှိတယ် ။
- အဲဒီအထဲမှာ တောကြောင်ရဲ့ဘိုးအေတွေ ရှိတယ် ။
- အဲဒီအထဲမှာ တကယ်လေးစားရတဲ့ သူရဲကောင်းတွေ ရှိသလို
ပေါတောတောလူကြမ်းတွေ ရှိတယ် ။
- အဲဒီအထဲမှာ ခြံတိုင်စိုက်လိုက်တိုင်း ပေါင်တစ်ချောင်းမြှောက်ပြီး သေး လာပန်းတဲ့
ခါးအောက်ပိုင်း Comment တွေ ရှိတယ် ။
- အဲဒီအထဲမှာ လက်ပစ်ဗုံး အလုံး သုံးဆယ် မျိုပြီး
ဖင်မှာ စနက်တံတပ်ထားတဲ့ လူ့ငနွားတွေ ရှိတယ် ။
- အဲဒီအထဲမှာ အရိုးနင်ပြီးမှ ရယ် ရတဲ့ ပြက်လုံးတွေ ရှိတယ် ။
- အဲဒီအထဲမှာ နျူကလီးယား ထက် အဆ တစ်သန်း ပြင်းတဲ့
ဝါဒညှော်တွေ ရှိတယ် ။
- အဲဒီအထဲမှာ ဘယ်သူမှမကြိုက်ဘူး ၊ လက်မခံဘူး တသသပြောနေလည်း
ထထ မြည် နေတဲ့ မိုက်ကရိုဖုန်း နဲ့ အသံချဲ့စက်အစုတ်အပြတ်တွေ ရှိတယ် ။
- ဘယ်လောက်အထိလဲဆိုတော့ အဲဒီအထဲမှာ . . .
နှစ်ချို့နေတဲ့ မြေအောင်းသားတွေ
ဝင်ချီ ၊ ထွက်ချီ လုပ်လို့ရတဲ့
ဥမင်လိုဏ်ခေါင်းတွေတောင် ရှိတယ် ။               ။


အာဂမွဏ်း


ခေတ် ထဲ က လဒများ


ခေတ် ထဲ က လဒများ
----------------------

မဆလ ခေတ် တုန်း က
သမဝါယမ စာရင်းတွေ မရှင်းနိုင်တော့ရင်
မီးရှို့ပြီး ရှင်း လိုက် တယ်

စစ် အ စိုး ရ အာဏာသိမ်းချင်တော့
တိုင်းပြည် ကို ချောက်ထဲကန်ချပြီး
လက် တစ် ကမ်း အလို ဆို ပြီး
နားလှည့် လိုက် ၊ ပါး ရိုက် လိုက် နဲ့
အာဏာသိမ်း လိုက် တယ်

အခု ၂၀၁၅ မရောက်သေးသ၍
အားလုံး ကို ရန် တိုက်
အိုးမဲတွေ နဲ့ လူတွေ နဲ့
ဘာသာရေးလိုလို
အမျိုးသားရေး လိုလို
ဘာလိုလို ၊ ညာလိုလို
ရေမှုတ်နဲ့ မီးစနဲ့
အပိုနဲ့ ဆာဒါးနဲ့
လမ်းဘေးမျက်လှည့်ဝိုင်းက“ဘင် ”တီးသံနဲ့
ဟေ့ . . . ဒီမှာ
ထမီခြုံ လို့ လဒ ဖြစ်တာ အရင်တုန်းက
ဒီ ခေတ် ထဲ မှာ တော့
ထမီ မလိုဘူး လဒ ဆိုတာ
အော်တို ထ ထ ဖြစ်လို့ ရတယ် ။ ။

အာဂမွဏ်း
 
 
 

ဟက်ပီးဘတ်သ်ဒေးသူပုန်ကြီး

ဟက်ပီးဘတ်သ်ဒေးသူပုန်ကြီး
---------------------------------


၁၉၁၅ ပထမကမ္ဘာစစ်တွင်း
ဖေဖော်ဝါရီ ၁၃ မနက်လင်းအားကြီးအချိန်
ဇေယျတု ငွေခရု မသွန်း
ကမ္ဘာမြေရဲ့သေနတ်သံ ၊ ဗုံးသံ ၊ တံပိုခရာမှုတ်လို့
အောင်ဆန်းသတို့သားကိုမွေးထုတ်ခဲ့တယ် ။

လူငယ်ရဲ့ဆန္ဒဟာ
စိတ်ကူး နဲ့ ပုံဖော် ဆွဲ မ တယ်
အဲဒီလို...စိတ်ရင်းအတိုင်း ဆွဲ မ တော့
ဘယ်အရာမှ တားမရ ၊ ပိတ်မရ
ကိုအောင်ဆန်းမှာ
ပြဒါးရှင်လုံးများရခဲ့လေသလား ။

ကလေးဘဝက သရဲကြောက်တဲ့
လူငယ်ဟာ
စစ်ဘီလူးတွေကိုနှင်ထုတ်လိုက်၊ပြန်သွင်းလိုက်
ခိုင်းချင်သလို ခိုင်းပြတဲ့အခါကျမှ
ဘီရုမာ သေးသေးလေးကို
နိုင်ငံတကာမျက်စိ ဒေါက်ထောက်ကြည့်ခဲ့ရတယ် ။

အောင်ဆန်းသတို့သားဖွားတော်မူခဏ်းဟာ
အဆန်းတကျယ်တော့မဟုတ်ဘူး
ဒီအချိန်မှာမွေးဖွာလာတဲ့
သတို့သားကိုတော့
ကမ္ဘာကြီးက
သိမ့် ကနဲနေအောင်ကြောက်ခဲ့ဘူးတယ် ။

သူပုန် ... သူပုန်
ဤမြေဝသုန်က
တိုင်းပြည်ချစ်တဲ့...သူပုန်ကို
ဒီနေ့
ယုံယုံကြည်ကြည် ဖွားတော်မူခဲ့တယ်
၁၉၁၅ ဖေဖော်ဝါရီ ၁၃ ။           ။

အာဂမွဏ်း

သံမဏိလိပ်ပြာ ၆၉
---------------

ပေ ဖြစ်ခဲ့တဲ့နှစ်တွေ
ရေတွက်ကြည့်တော့
၆၉ နှစ်
တင်းတင်းပြည့်ခဲ့ပြီ ။

တူ နှစ်လက်တံဆိပ် ထောပတ်တွေရယ်
ပေါင်မုံ့ မရှိရင် ကိတ်မုံ့စားဆိုတာတွေရယ်
ဘာမသိညာမသိ သဘာပတိတွေရယ်
နားမထွင်းထားတဲ့ ဗူးတွေရယ်
ခင်ဗျား တို့ ကျနော်တို့ရယ်
ကြားမှာ
၆၉ နှစ်လုံးလုံး
ကုံးရုန်းထ နေရတဲ့ လောကဒဏ်ကြားမှာ
` ရန်သူ့ လက်ထဲ
ခွေးသေ ဝက်သေ နေခဲ့ကြပေတော့ ´ လို့
မထားခဲ့တဲ့
သံမဏိလိပ်ပြာဟာ
နိုင်ငံတကာစာမျက်နှာမှာ
ပြည်သူတွေရဲ့ရင်ဘတ်ကြီးတွေထဲမှာ
သမ္မတဆိုတာကြီးထက်
ကြီးမြတ်တဲ့
စကားလုံးတွေ
ကမ္ဗည်းတွေနဲ့
လိပ်ပြာ လုံ တယ်
တကယ့်ကို လိပ်ပြာလုံတယ် ။      ။

အာဂမွဏ်း
 
 
 

မင်္ဂလာပါ နံနက်ခင်း
G o o d M o r n i n g

မနက်အိပ်ယာထ
အစာမကျေတာတွေ
လေမလည်တာတွေ
မင်္ဂလာပါသူငယ်ချင်းလို့တစ်ခွန်းတလေနှုတ်ဆက်ပြီး
ဝမ်းချုပ်တာတွေတွေ့
အန်ချင်စရာတွေတွေ့
အပနာပတွေတွေ့

တစ်နေ့လုံး ပူ
အလုပ်ပူ ၊ ဖုတ်ပူ
နားပူ ၊ ခါးပူ
ကြောပူ ၊ ရင်ပူ- ပူပူ-- ပူ
ဂွတ်နိုက်မလို့လုပ်တုန်း
ဗွမ်း” ကနဲ ချီးတုံးက မက်တပ်ထ
ဒေါသ ဒေါသ ဒေါသ
အိပ်တော့မယ်ဟ ... ... ...
အဲလို အီလည်လည်နဲ့
ကဲ ... ... ...
နောက်တစ်နေ့ နောက်တစ်နေ့
နောက်တစ်ပတ် နောက်တစ်ပတ်
ဒါတွေပဲလား ဒါတွေပဲလား
ဒီလိုနဲ့ပြီးကြတော့မှာလား
မင်းတို့မလိုချင်တဲ့ အရာတွေဘဲထားခဲ့ပါ
မင်းတို့မရှူချင်တဲ့ လေ တွေဘဲထားခဲ့ပါ
မင်းတို့မကြည်ညိုတဲ့ သူမ ကို ဘဲထားခဲ့ပါ
မင်းတို့မသုံးချင်ဆုံး ဆိုတာတွေထားခဲ့ပါ
မင်းတို့မရှိတဲ့
ဘာမှမရှိတဲ့
ဗမာပြည်မှာပဲ
မနက် ... မနက်
ကိုယ့်မျက်နှာအစစ်ကိုပဲ ကိုယ်
မျက်နှာသစ်ချင်တယ် ။        ။
 
 
 
အာဂမွဏ်း
 
 
 
 
 
 

မိုးခေါင်တဲ့နေ့
@@@@@@

အပူရှိန်ပြင်းတော့
အမှည့်လွန် အသီးတွေ ပုပ်သိုး တာ . . . မထူဆန်းပေမဲ့
ခေတ်ကြီး ပုပ်သိုးသွားမှာတော့ . . . စိုးရိမ်တယ် ။


kim Jong Un နဲ့ Park Geun-Hye
နား တံတွေးဆွတ်တဲ့ ရန်ပွဲဟာ . . . မထူးဆန်းပေမဲ့
ကိုခင်ဝမ်း ရဲ့ ဆယ်လမွန်ငါးလေးတွေသေမှာတော့ . . . စိုးရိမ်တယ် ။

အကောင်ကြီးကြီး ရဲ့ သားတွေ
လေယာဉ်ကွင်း ထဲ ပြိုင်ကားမောင်းရဲတာ၊ မမောင်းရဲတာ . . . မထူးဆန်းပေမဲ့
စက်ရုံအလုပ်သမလေး ရဲ့ အူ တွေ အမြဲ ပတ်ကြားအက်နေမှာတော့ . . . စိုးရိမ်တယ် ။

ဂလိုဘယ်လိုက်ဇေးရှင်း ကျဉ်းတာ ၊ ကျယ်တာ
၁၅၀၀ တန် ဖုန်းကဒ် မဲပေါက် ဆန်အိုးထဲဆန်မရှိလို့ ကုန်ပစ္စည်းချင်းဖလှယ်တာ၊မဖလှယ်တာ
ကော်နတ်ရှင် ကောင်းတာ ၊ မကောင်းတာ
မီးပျက်တာ ၊ မီးမလာတာ
မော်တော်ပီကယ်လေး အထိုးခံရတာ ၊ မခံတာ
Chart box ထဲကအပြင်ထွက်ပြီး အုတ်ကြားမြက်သတ်လို့သေတဲ့ကလေးမ နမူနာပြတာ၊ မပြတာ
ဗမာမလေးတွေ နိုင်ငံသားစီစစ်ရေးကဒ်တောင်ယူမသွားနိုင်လောက်အောင်
ပျောက်တာ ၊ မပျောက်တာ . . . မထူးဆန်းပေမဲ့
လူသတ်သမားတွေအတွက် အမိုးအကာကောင်းကောင်းတွေ
ပုံအောထနေမှာတော့ . . . စိုးရိမ်တယ် ။

အမျိုးသားရေး ၊ ဘာသာရေး ၊ နိုင်ငံရေး
ဝမ်းချုပ် လေထ ဗိုက်အောင့် တာ . . . မထူးဆန်းပေမဲ့
ရပ်ကွက်ထဲက ဆေးတွဲရောင်းတဲ့ ပေစုတ်စုတ် Market မှာ
Air - X တွေ ဈေးမြင့်သွားမှာတော့ . . . စိုးရိမ်တယ် ။

ပညာရေးမြှင့် ဆယ့်တစ်တန်းကြီး ထပ်တိုးတာ ၊ မတိုးတာ . . . မထူးဆန်းပေမဲ့
အရောင်မွဲမွဲပြဋ္ဌာန်းစာအုပ်က တော်ချင် တတ်ချင်တဲ့ ကလေးတွေကို
ပုလင်းဖင်မျက်မှန်တွေ လက်ဆောင်ပေးမှာတော့ . . . စိုးရိမ်တယ် ။

သပိတ်မှောက်တာ မမှောက်တာ
အာဏာ နဲ့ ငွေ ဖိတာ ၊ ဖေါ့တာ
ဦး ပိုင်တာ ၊ ဦး မပိုင်တာ . . . မထူးဆန်းပေမဲ့
ရိုးသားတဲ့စိတ်ဓါတ်တွေ လက်ထိတ်အခတ်ခံရမှာ . . . စိုးရိမ်တယ် ။

ကျနော့် ကဗျာ ကို Like တာ ၊ မ Like တာ
ကာရန်မဲ့တာ ၊ မမဲ့တာ . . . မထူးဆန်းပေမဲ့
နဂိုကတည်းက စက်နှိုးရခက်တဲ့ မီးရထား
တစ်တွဲပြီး တစ်တွဲ
မီး ထထ လောင် မှာ ကိုတော့
အစိုးရိမ်ဆုံး ။        ။


အာဂမွဏ်း



သားရဲတွင်း ( ၁ )
--------------------------------

ဘာမှ မပြောမဆိုနဲ့
အမေ့သားအိမ်ကနေ
ကမ္ဘာလောကကြီးထဲ
“ ၀ုန်း ” ကနဲ ခုန်ချလိုက်တယ် ။

အဲဒီကစပြီး
ဆင်းရဲခြင်းဆိုတာတွေ
အတင်း အဓမ္မတွေ နဲ့
စတွေ့တော့တာပဲ ။

အဲဒီမှာ
မျက်လုံးကိုဒေါက်နဲ့ထောက်ထားတာတောင်
ခုန်ဆွ ခုန်ဆွ လုပ်နေတဲ့ လူတွေရှိတယ် ။

အဲဒီမှာ
ဂိုဒေါင်အပျက်ကြီးထဲက
ကြွက်စုတ်အကြီးကြီးတွေရှိတယ် ။

အဲဒီမှာ
အစွန်းရောက် အတ္တ ၊ မာန
လောဘ ၊ ဒေါသတွေရှိတယ် ။

အဲဒီမှာ
လူအချင်းချင်းဂုတ်သွေးစုပ်တဲ့
သွေးစုပ်ဖုတ်ကောင်အတုတွေရှိတယ် ။

အဲဒီမှာ
ဇိမ်ခံပစ္စည်းတွေ နဲ့ အသွေးအသားတွေ နဲ့ လဲတယ်
လူအစစ် နဲ့ အင်ဂျင်တွေ နဲ့ လဲတယ်
သိက္ခာ နဲ့ စားအုန်းဆီ နဲ့ လဲတယ်
ရိုးသားမှု နဲ့ နေကာမျက်မှန်အနက်ကြီး နဲ့ မတန်တဆပေး လဲတယ်
ပါးစပ်ပေါက်တွေ နဲ့ လက်ညှိုးနဲ့ လဲတယ် ။

အဲဒီမှာ
ငါဆိုတဲ့ကောင်ကို
ဘာနဲ့ ဘယ်လို လဲမှန်း မသိလိုက်ရဘဲ
အလဲခံလိုက်ရတယ်
အဲဒီမှာ … … ။ ။

အာဂမွဏ်း
 
 
 

၁၉ ဂျူ လိုင် ၏ နောက်ဆက်တွဲစာမျက်နှာများ
----------------------------------------------------------

အတွင်းဝန်ရုံး မှုာ
စတင်းဂမ်းတွေ နဲ့ ပစ်ခတ်လိုက်တယ်
ကျည်ဇကာပေါက်တွေ
ယမ်းငွေ့တွေ နဲ့
အဲဒီမှာ ...
နိုင်ငံတော်ဟာကျဆုံးသွားခဲ့တယ်

ကိုအောင်ဆန်းရေ ...
တကယ့်ရင်ဘတ်ကြီးထဲက
ပွင့်ထွက်လာတဲ့ သွေးစက်တွေဟာ
အခုထိ
တိတ် ကို မတိတ်နိုင်သေးဘူး ။ ။

အာဂမွဏ်း





၈၈ တုန်းက ချစ်သူ
------------------------

ငါ မြစ်ဖျားခံတာ
သံသယချက်ကြိုးဆုံရာ
ငါ့မြို့နန်းတည်တာ
လွတ်လပ်ရေး အလံတင်အခန်းအနား
ငါတို့ သူရဲကောင်းက
ကိုအောင်ဆန်း
ကျွန်တော် … ဒီလိုပြောတော့
ချစ်သူက မျက်တောင်အရှည်ကြီး
ပုတ်ခတ် … ပုတ်ခတ် ။

မျက်ရည်ယိုဗုံးတွေ
ဒိုင်းတွေ ၊ တုတ်တွေ
သရမ်းတော့
ချစ်သူနှုတ်ခမ်းပြာနှမ်းနှမ်းက မှာရှာတယ်
ကိုယ့်ကိုကိုယ် ဂရုစိုက်ပါတဲ့
ချစ်သူစကား
ကြားနေဆဲမှာပဲ
ကံ့ကော်တွေ
တစ်ပွင့်ပြီး
တစ်ပွင့်ကြွေ ။ ။

အာဂမွဏ်း

( Beauty Max magazine , Special issue 120 – 2014 ။ ၁၀ နှစ်ပြည့်အထူးထုတ် ၊ သြဂုတ် ၂၀၁၄ )
ခွပ်ဒေါင်းတွေရေးတဲ့ သမိုင်း ( သို့မဟုတ် ) ၈၈၈၈


၈၈၈၈ ဟာ
မီးလျှံထဲက နိုး ထ လာတဲ့
ဖီးနစ် ငှက် ဖြစ်တယ် ။

၈၈၈၈ ဟာ
အာဏာရှင်စစ်ဘီလူးရဲ့
လည်မျိုကိုညှစ်သတ်တဲ့
တိုက်ပွဲဖြစ်တယ် ။

၈၈၈၈ ဟာ
မကောင်းဆိုးဝါးတွေကို
တောချောက်တဲ့
သံပုံးတီးသံဖြစ်တယ် ။

၈၈၈၈ ဟာ
ယမ်းငွေ့ကြားက
တလွင့်လွင့် ကျော်လွှားခဲ့တဲ့
ခွပ်ဒေါင်းအလံဖြစ်တယ် ။

၈၈၈၈ ဟာ
မောင်းပြန်သေနတ်ကို
အန်တုခဲ့တဲ့
လူထုရဲ့ စိန်ခေါ်သံဖြစ်တယ် ။

၈၈၈၈ ဟာ
ကံ့ကော်ဝတ်ဆံတွေက
ပေါက်ကွဲထွက်လာတဲ့
ပြည်သူ့အောင်ပွဲဖြစ်တယ်
ဘယ်နတ်ဒေ၀တာမှ မကယ်မ ဘဲ
လူသားစစ်စစ်တို့
သွေးနဲ့ရေးခြစ်ခဲ့တဲ့ သမိုင်းဟာ
၈၈၈၈ ဖြစ်တယ် ။      ။


အာဂမွဏ်း
( ၈ . ၈ . ၂၀၁၃ )

ဘီလူးအစားခံရတဲ့ နေ့
------------------------

ကလေး အသား ခါး ၏ ၊ ခွေးအသားချို၏ ။ လို့
အိမ်တွေမှာ စာတမ်းကပ်ထားလည်း . . .
ဘီလူး ဆိုတဲ့ အကောင် က
ကလေးအသားတွေကိုပဲ
ရွေးရွေးပြီးစားသွားတဲ့ နေ့ ။


သွေးဆာနေတဲ့ အစွယ်ဖြူတွေ ကို
မကြောက်တမ်း ရိုက်ချိုးပြီး
သေမင်းခံတွင်းထဲ
ခွပ်ဒေါင်းအလံတွေနဲ့
ရဲရဲရင့်ရင့် ခုန်ချပြခဲ့တဲ့ နေ့ ။

ငါ တို့ နှလုံးသားတွေ မှာ
၂၅နှစ်တုန်းက ကျည်ဆံခွံတွေ
ကျန်နေသေးတဲ့ နေ့ ။
အခုထိ လမ်းမပေါ်က
နှင်းဆီဝိဥာဉ်တွေ ကို
အမျှ မ ဝေ ရ သေး တဲ့ နေ့ ။

အဲဒီနေ့
မိုးတွေ ဘယ်လောက်သည်းသည်း
ရင်ခတ်ပန်းတွေ ထထ ပွင့် တယ် ။         ။


အာဂမွဏ်း
( ၁၆.၉.၂၀၁၃ )
ကောက် သစ် တေး
---------------
လေညှင်းလေး ရေ
မင်းလေးလည်း အပျိုရည် ပျက်တာ ကြာပေါ့
မိုးတိမ်တွေကို ပြော ပေး ပါ
အ ပေါက် အ ပြဲ တွေ ချုပ် ဖို့
ဝါ ချည် တွေ လို နေ တယ် လို့ ။


ခို က လေး ရေ
အစာရေစာ ရှားပါး လို့
ကတ္တရာလမ်းမ ပေါ်မှာ
ကား အကြိတ် ခံ ခဲ့ ရတဲ့
မင်းသူငယ်ချင်း
ခြေတစ်ပေါင် ကျိုး လေး အ ကြောင်း
ငြိမ်းချမ်းရေး ရ တဲ့ တစ်နေ့
ကောင်းကင်တော် ဆီ သတင်း ပါးပေးပါ့မယ် ။

မြှီးတံတို ကြောင်ကြီး ရေ
အဆီစား အသားမျိုပြီး
က လေး တွေ ရဲ့ အိပ်မက်ကို
ခြောက်လှန့်မ နေ နဲ့ တော့
ပင် စင် လ စာ အတွက်
Dream War Bank မှာ
စလစ်ဖြတ်ထားပေးပါ့မယ် ။

သူ ငယ် ချင်း တို့
မ သူ ငယ် ချင်း တို့ ရေ
စောက်ကျင့် အစွန်းချွတ်ဆေး မ ပေါ်သေးမချင်း
မြန်မာပြည် ကို ကောင်းစားစေချင် တယ်
တိုင်းပြည် ကို တကယ်ချစ်တယ် ဆိုရင်
ငါ အပါ အဝင်
၁၆ နှစ် ကျော် သူ အား လုံး
ဖွား စု နဲ့ သူမရဲ့ မြေးတွေကို
စိတ် ချ လက် ချ ထား ခဲ့ ပြီး
` သေ ပေး ကြ ရ အောင် လား ´ ။           ။


အာဂမွဏ်း

ကဗျာဆရာအိပ်မက်


ကဗျာဆရာမှာ
ဘာမှမရှိဘူး
ကဗျာဆရာမှာ
ကဗျာတွေပဲရှိတယ်

လေးလံတဲ့အဝိဇ္ဇာမရှိဘူး
သက်တမ်းမတိုးရတဲ့ဈာန်တွေရှိတယ်
ပုပ်သိုးကုန်ဂိုဒေါင်တွေမရှိဘူး
ချာဂျင်သွင်းစရာမလိုတဲ့နှလုံးခုန်သံတွေရှိတယ်
ဘလက်မန်းနီးတွေ ၊ ဝန်တင်နွားလားတွေမရှိဘူး
အလှတရားကိုချစ်တတ်တဲ့
မျက်လုံး နဲ့ နားတွေရှိတယ်
ကဗျာဆရာမှာ
ဘာမှမရှိဘူး
ကဗျာဆရာမှာ
ကဗျာတွေပဲရှိတဲ့ကမ္ဘာမှာ
ကဗျာဆရာဟာ
အိမ်မက်အရှည်ကြီးကို
အားရပါးရ မက်ပစ်လိုက်တယ် ။       ။

အာဂမွဏ်း

Words by : Arga Moon
Photo by : Moe Kyaw
ပရိုဂျက်တာဆင်ခြေဖုံး
=============

ပရိုဂျက်တာအခမဲ့ကလေးကစားကွင်းပန်းခြံကြီးတွေ
ပရိုဂျက်တာအဆင့်မြင့်ဆေးရုံကြီးတွေ
ပရိုဂျက်တာစူပါမားကပ်ကြီးတွေ
ပရိုဂျက်တာဖောင်ဒေးရှင်းကြီးက
ပရိုဂျက်တာရံပုံငွေပွဲကြီးကြီးကျင်းပပြီး
ပရိုဂျက်တာဘူဇွာကြီးများတက်ရောက်အားပေးကြပါရန်
ပရိုဂျက်တာအလှူခံဖလားတ၀င်းဝင်းနဲ့
ပရိုဂျက်တာကျေးဇူးတင်လွှာတွေနဲ့
ပရိုဂျက်တာစေတနာတတ်အားသ၍
ပရိုဂျက်တာလေလံပွဲလည်းအထူးအစီအစဉ်လည်းပါရဲ့
ပရိုဂျက်တာပရိတ်သတ်ကြီးရဲ့လက်ခုပ်သံက
ပရိုဂျက်တာခန်းမကြီးမှာလျှံထွက်
ပရိုဂျက်တာစာရင်းရှင်တန်းတွေ
ပရိုဂျက်တာစာရင်းစစ်တွေ
ပရိုဂျက်တာအောင်ရည်တွေသောက်
ပရိုဂျက်တာချီးယားစ် ”လိုက်ကြရအောင်
ပရိုဂျက်တာဆင်ခြေဖုံးကသမားစဉ်အတိုင်းဆင်ခြေဖုံးနေတုန်း
ပရိုဂျက်တာရံပုံငွေတွေထုပ်ပိုးလို့
နောက်ပရိုဂျက်တာဆင်ခြေဖုံးနောက်တစ်ခုကိုကူးဖို့
ပရိုဂျက်တာအခန်းအနားအစီအစဉ်ဖိတ်စာတွေကို
ပရိုဂျက်တာလူကြီးမင်းများက
ပရိုဂျက်တာဆယ်ဘီးကားကြီးအပြည့်ထည့်ပြီး
ပရိုဂျက်တာခရီးရှည်ကြီးကို …. …. …. ။                    ။


အာဂမွဏ်း
Words : Arga Moon
Foto : Moe Kyaw
ဆားပေါက်နေတဲ့မိုးတိမ်
~~~~~~~~~~~~~

ကမ္ဘာကြီးစတင်မွေးဖွားချိန်
ကောင်းကင်နဲ့စပြီးမိတ်ဆက်ချိန်
မိုးတိမ်တွေဟာ
စိုထိုင်းဆကြောင့်ဆားပေါက်လိုက်တယ်
နေမင်းကိုစတွေ့တော့မှ
မြေကြီးနဲ့ကောင်းကင်ဟာလောင်ကျွမ်းပေါ့
မိုးပေါ်မှာတင်ဆားတွေပေါက်ပြီး
ဆားတွေဟာကောင်းကင်မှာငိုတယ်
ပင်လယ် ... ... ... ပင်လယ်ကိုကောင်းကင်မှာပဲ
ထပ်ပြီးမွေးဖွားပြန်ရော ။


ပြောလို့မဆုံးပါဘူး
ပင်လယ် ရေ ... ...
ပင်လယ် ရေ ... ... ... ပြောမဆုံးဘူး
တိမ်ဖြစ်တော့ မှ ပင်လယ်ရေထဲကရေမြှုပ်လေးကို
သူလှောင်တယ်
ပွဲအစ ၊ ပွဲအဆုံးသိတဲ့ကောင်းကင်မှာ
ဆားတွေလှိုက်လှိုက် ... လှိုက်လို့ငို ။

ဆားတွေ ငိုတော့
ပင်လယ်က ငို
ကောင်းကင်က ငို
ကမ္ဘာမြေကြီးလည်း ငို
လူကြီးလူကောင်းများခင်ဗျား !
ကောင်းကင်ကို ကောင်းကင်အတိုင်း
မြေကြီးကို မြေကြီးအတိုင်း
ပင်လယ်ကို ပင်လယ်အတိုင်း
မြင်တွေ့ချင်ပါတယ် ။       ။

အာဂမွဏ်း
( ကဗျာဆရာအိပ်မက်၂၀မှ )

ပင်လယ်ပါတဲ့ပုလင်းရဲ့နံနက်စာ
@@@@@@@@@@@@@@

ငါ့ပုလင်းထဲမှာ
ပင်လယ်ရှိတယ်
တောင်တန်းတွေရှိတယ်
အနော်မာသောင်ကမ်းလည်းရှိတယ်
ပန်းဝါတိုက်ပွဲလည်းရှိတယ်
သဘာဝပေါက်ပင်တွေလည်းရှိတယ် ။


ပုလင်းတွေဟာဇီဝရဲ့အခွံတွေပေါ့
မနက်မနက်သကြားဓါတ်ကနည်းတတ်တယ်
မနက်မနက်ဒီဗီဘီနားထောင်တတ်တယ်
မနက်မနက်အင်တာနတ်ဖမ်းတတ်တယ်
မနက်မနက်သစ်သီးသစ်ရွက်ပဲစားတတ်တယ်
မနက်မနက်ဒုတ်ကောက်လေးကိုလမ်းလျှောက်သင်တတ်တယ် ။

ပုလင်းတွေဟာမုန်တိုင်းတွေကိုကြောက်တယ်
စလိုးဒေါင်းတွေကိုကြောက်တယ်
ဂုန်းကျော်တံတားတွေကိုကြောက်တယ်
သွေးရဲရဲ နှင်းဆီရဲရဲတွေကိုကြောက်တယ်
တဏှာအခိုးအငွေ့တွေကိုကြောက်တယ်
အမေမဲ့မှာကြောက်တယ်
ငြိမ်းချမ်းရေးမဲ့မှာကိုကြောက်တယ်
ပဋိဒေ၀မီးတွေကိုကြောက်တယ်
ကပ်ဆိုးတွေကိုကြောက်တယ်
မနက်မနက်သကြားဓါတ်ပိုပိုနည်းမှာကိုလည်းကြောက်တယ် ။

ထမင်းလုံးတစ္ဆေတွေကြောင့် ချွေးတွေပေါက်ပေါက်ကျ
တစ်ညလုံးရှုံးမဲ မဲ ချွေးတွေပေါက်ပေါက်ကျ
ကဇော်တွေပေါက် ချွေးတွေပေါက်ပေါက်ကျ
သူများမုန်တိုင်း ကိုယ့်မုန်တိုင်း ချွေးတွေပေါက်ပေါက်ကျ
ဇောတွေကိုပေါင်းခံထား ချွေးတွေပေါက်ပေါက်ကျ
တေဇော နဲ့ ပါပ ချွေးတွေပေါက်ပေါက်ကျ
လောကဓံ နဲ့ ယုတ်မာမှု ချွေးတွေပေါက်ပေါက်ကျ ။

ကိလေသာမပါတဲ့နံနက်ခင်း
လေညှင်းတွေသယ်လာတဲ့မနက်စာ
အနားသတ်မရှိတဲ့စားပွဲပေါ်မှာပြင်ဆင်
နတ်စောင်းသံတိုးတိုးညှင်းညှင်းလေးကြား
နံနက်ခင်းသကြားဓါတ်ဖြည့်တင်းပြီး
နေလုံးလေးကိုအတူ
ပုလင်းလေးဟာကမ်းခြေတစ်လျှောက်
လမ်းလျှောက်ထွက်တယ် ။        ။

အာဂမွဏ်း


ဒီမြစ်ကြောင်းက ဆန်တက်ရအောင်
------------------------------------
ဖဲသုံးချပ်ကစားသမားရဲ့လှည့်ကွက်ထဲမှာ
ရှုံးသွားလိုက် ၊ ငွေစလေးချေးလိုက်ငှားလိုက်
ပြီး ပါသွားပြန်ရော ကိုယ့်ဘက်ကချည်းပဲ
ကဲ … … …
ဒီမြစ်ကြောင်းကဆန်တက်ရအောင် ။


ဒီလိုက ဟိုလိုဖြစ်ပြီး
ဟိုလိုကဒီလိုဖြစ်ပါသည်
ထို့ကြောင့် … ဟိုလိုသည်ဒီလိုမဖြစ်နိုင်
တိုင်ပတ်နေတဲ့စကားတွေကို
အတတ်နိုင်ဆုံး ကလေးတွေရှေ့မှာမပြောကြပါနဲ့
ကဲ … … …
ဒီမြစ်ကြောင်းက ဆန်တက်ရအောင် ။

ဖြီးလို့ရတော့တဲ့ ခေတ်ကြီးမဟုတ်တော့ဘူး
လူကြီးမင်းတို့ခင်ဗျား
စားနေကြ ကွမ်းယာဆိုင်ကချာတိတ်လေးဟွာဝေးဟမ်းဆက်လေးထောင်ပြပြီး
Enter ခလုတ်တစ်ချက်နှိပ်တဲ့နှုန်းဟာ
ကျည်ဆံကိုအကပ်လိုက်ဆွဲတာထက်သာတယ်နော်တဲ့
“ချာတိတ်ရေ … … ခံတွင်းချဉ်နေပြီ ကွမ်းတရာအမြန်ပေး ”
ကဲ … … …
ဒီမြစ်ကြောင်းက ဆန်တက်ရအောင် ။

ရန်တိုက်ပေးပြီးအုပ်ချုပ်တာ
ကုလားကားထဲမှာလည်းပါတယ်နော်
အဲဒါကို … လူကြီးတွေမသိကြဘူလားဖေဖေ
“ ၀ါးးးးးးးးး သားရေ အဖေအိပ်ချင်ပြီ ”
ကဲ … … …
ဒီမြစ်ကြောင်းက ဆန်တက်ရအောင် ။

ဗျို့ … … …
အမျိုးကောင်းသားလို့ကိုယ့်ကိုကိုယ်ထင်သူများ … ….
ခင်ဗျားးးးးးးးးးးးးးး
ကျနော်တို့
ဒီမြစ်ကြောင်းက
ဆန် တက် ကြ ရ အောင် ။      ။

အာဂမွဏ်း


မသိခြင်းများ
-------------

လူတစ်ယာက်တည်း ကို သတ်တာ
လူသတ်မှုတဲ့
လူအများကြီးသတ်တာကိုတော့
တရားသောစစ်တဲ့ ။


မရှိလို့ချဲ ၅ကျပ် တစ်ဆယ်
ရောင်းတဲ့ကလေးမ
လောင်းကစားမှုတဲ့
ဗမာပိုင်တဲ့သူဋ္ဌေးကျွန်းက
ကာစီနိုဝိုင်းကိုတော့
တိုင်းတစ်ပါးသားကိုငှားထားသတဲ့ ။

မလောက်မင လခလေးရတဲ့ဝန်ထမ်းတွေတော့
လစဉ်အခွန်ဆောင်နေရတယ်
လက်နက်ကုန်သည်သူဋ္ဌေးကြီးကျတော့
အခွန်ရှောင်စေသတဲ့ ။

ငါးပြားဖိုး ဆယ်ပြားဖိုး မူးလို့ရှူတဲ့ဆေးသမားသေးသေးလေးတွေတော့
မူးယစ်ဆေးဝါးမှုတဲ့
ဘိန်းရာဇာကြီးကျတော့
တစ်နိုင်ငံလုံးကိုစိတ်ချလက်ချအပ်နှံထားသတဲ့ ။

အပေါစားတဲအစုတ်လေးက
ပြည်တန်ဆာမလေးကျတော့
ပြည့်တန်ဆာမှုနဲ့ထောင်ကျ
လူကြီးမင်းတို့ကျတော့
ကာယာအိုကေဆိုင်မှာ
ကောင်မလေးကိုတန်ရာတန်ကြေးမပေးဘဲ
ဟိုဟာကိုင် ဒီဟာကိုင်သတဲ့ ။

မသိခြင်းများ နဲ့ေ၀၀ါးမနေနဲ့
လက်နက်
မာဖီးယား
မိန်းမရွှင် ဆိုတာ
ဂရင်းထဲရောက်တဲ့ဂေါက်သီးကို
အချက်နည်းနည်းနဲ့ကျဉ်းထဲဝင်အောင်ရိုက်သလိုပဲ
ဗျို့ ... ... ...လူကြီးမင်း
ခင်ဗျားဘောင်းဘီအိတ်ပေါက်ထဲက
မရောင်မလည် ထွက်ကျလာတဲ့ ဂေါက်သီးလုံးကို
လူမမြင်ခင်ပြန်ကောက်လိုက် ။      ။

အာဂမွဏ်း