Thursday, August 28, 2014

မိုးခေါင်တဲ့နေ့
@@@@@@

အပူရှိန်ပြင်းတော့
အမှည့်လွန် အသီးတွေ ပုပ်သိုး တာ . . . မထူဆန်းပေမဲ့
ခေတ်ကြီး ပုပ်သိုးသွားမှာတော့ . . . စိုးရိမ်တယ် ။


kim Jong Un နဲ့ Park Geun-Hye
နား တံတွေးဆွတ်တဲ့ ရန်ပွဲဟာ . . . မထူးဆန်းပေမဲ့
ကိုခင်ဝမ်း ရဲ့ ဆယ်လမွန်ငါးလေးတွေသေမှာတော့ . . . စိုးရိမ်တယ် ။

အကောင်ကြီးကြီး ရဲ့ သားတွေ
လေယာဉ်ကွင်း ထဲ ပြိုင်ကားမောင်းရဲတာ၊ မမောင်းရဲတာ . . . မထူးဆန်းပေမဲ့
စက်ရုံအလုပ်သမလေး ရဲ့ အူ တွေ အမြဲ ပတ်ကြားအက်နေမှာတော့ . . . စိုးရိမ်တယ် ။

ဂလိုဘယ်လိုက်ဇေးရှင်း ကျဉ်းတာ ၊ ကျယ်တာ
၁၅၀၀ တန် ဖုန်းကဒ် မဲပေါက် ဆန်အိုးထဲဆန်မရှိလို့ ကုန်ပစ္စည်းချင်းဖလှယ်တာ၊မဖလှယ်တာ
ကော်နတ်ရှင် ကောင်းတာ ၊ မကောင်းတာ
မီးပျက်တာ ၊ မီးမလာတာ
မော်တော်ပီကယ်လေး အထိုးခံရတာ ၊ မခံတာ
Chart box ထဲကအပြင်ထွက်ပြီး အုတ်ကြားမြက်သတ်လို့သေတဲ့ကလေးမ နမူနာပြတာ၊ မပြတာ
ဗမာမလေးတွေ နိုင်ငံသားစီစစ်ရေးကဒ်တောင်ယူမသွားနိုင်လောက်အောင်
ပျောက်တာ ၊ မပျောက်တာ . . . မထူးဆန်းပေမဲ့
လူသတ်သမားတွေအတွက် အမိုးအကာကောင်းကောင်းတွေ
ပုံအောထနေမှာတော့ . . . စိုးရိမ်တယ် ။

အမျိုးသားရေး ၊ ဘာသာရေး ၊ နိုင်ငံရေး
ဝမ်းချုပ် လေထ ဗိုက်အောင့် တာ . . . မထူးဆန်းပေမဲ့
ရပ်ကွက်ထဲက ဆေးတွဲရောင်းတဲ့ ပေစုတ်စုတ် Market မှာ
Air - X တွေ ဈေးမြင့်သွားမှာတော့ . . . စိုးရိမ်တယ် ။

ပညာရေးမြှင့် ဆယ့်တစ်တန်းကြီး ထပ်တိုးတာ ၊ မတိုးတာ . . . မထူးဆန်းပေမဲ့
အရောင်မွဲမွဲပြဋ္ဌာန်းစာအုပ်က တော်ချင် တတ်ချင်တဲ့ ကလေးတွေကို
ပုလင်းဖင်မျက်မှန်တွေ လက်ဆောင်ပေးမှာတော့ . . . စိုးရိမ်တယ် ။

သပိတ်မှောက်တာ မမှောက်တာ
အာဏာ နဲ့ ငွေ ဖိတာ ၊ ဖေါ့တာ
ဦး ပိုင်တာ ၊ ဦး မပိုင်တာ . . . မထူးဆန်းပေမဲ့
ရိုးသားတဲ့စိတ်ဓါတ်တွေ လက်ထိတ်အခတ်ခံရမှာ . . . စိုးရိမ်တယ် ။

ကျနော့် ကဗျာ ကို Like တာ ၊ မ Like တာ
ကာရန်မဲ့တာ ၊ မမဲ့တာ . . . မထူးဆန်းပေမဲ့
နဂိုကတည်းက စက်နှိုးရခက်တဲ့ မီးရထား
တစ်တွဲပြီး တစ်တွဲ
မီး ထထ လောင် မှာ ကိုတော့
အစိုးရိမ်ဆုံး ။        ။


အာဂမွဏ်း


No comments:

Post a Comment