Thursday, August 28, 2014


သားရဲတွင်း ( ၁ )
--------------------------------

ဘာမှ မပြောမဆိုနဲ့
အမေ့သားအိမ်ကနေ
ကမ္ဘာလောကကြီးထဲ
“ ၀ုန်း ” ကနဲ ခုန်ချလိုက်တယ် ။

အဲဒီကစပြီး
ဆင်းရဲခြင်းဆိုတာတွေ
အတင်း အဓမ္မတွေ နဲ့
စတွေ့တော့တာပဲ ။

အဲဒီမှာ
မျက်လုံးကိုဒေါက်နဲ့ထောက်ထားတာတောင်
ခုန်ဆွ ခုန်ဆွ လုပ်နေတဲ့ လူတွေရှိတယ် ။

အဲဒီမှာ
ဂိုဒေါင်အပျက်ကြီးထဲက
ကြွက်စုတ်အကြီးကြီးတွေရှိတယ် ။

အဲဒီမှာ
အစွန်းရောက် အတ္တ ၊ မာန
လောဘ ၊ ဒေါသတွေရှိတယ် ။

အဲဒီမှာ
လူအချင်းချင်းဂုတ်သွေးစုပ်တဲ့
သွေးစုပ်ဖုတ်ကောင်အတုတွေရှိတယ် ။

အဲဒီမှာ
ဇိမ်ခံပစ္စည်းတွေ နဲ့ အသွေးအသားတွေ နဲ့ လဲတယ်
လူအစစ် နဲ့ အင်ဂျင်တွေ နဲ့ လဲတယ်
သိက္ခာ နဲ့ စားအုန်းဆီ နဲ့ လဲတယ်
ရိုးသားမှု နဲ့ နေကာမျက်မှန်အနက်ကြီး နဲ့ မတန်တဆပေး လဲတယ်
ပါးစပ်ပေါက်တွေ နဲ့ လက်ညှိုးနဲ့ လဲတယ် ။

အဲဒီမှာ
ငါဆိုတဲ့ကောင်ကို
ဘာနဲ့ ဘယ်လို လဲမှန်း မသိလိုက်ရဘဲ
အလဲခံလိုက်ရတယ်
အဲဒီမှာ … … ။ ။

အာဂမွဏ်း
 
 
 

No comments:

Post a Comment