Thursday, August 28, 2014

သူရဲကောင်းကြယ်က အဝေးကြီးမှာမဟုတ်ဘူး
-----------------------------------------------------------
ကမ္ဘာပတ်လမ်းအတိုင်းလည်နေရတဲ့
နှစ်တွေ ခေတ်တွေ စနစ်တွေ
လူယုတ်မာ နဲ့ မိုးခါးရေ စပ်ထားတဲ့ ဗီဇမျိုးစိတ်တွေ
မျိုးပွါးနှုန်းတိုးတိုးလာတော့
ပတ်ဝန်းကျင်ဟာ
ညစ်သထက်ညစ်ထေးလာတာ
အသက်ထက်ကျော်နေပြီ တောင်ကုန်းလေးရေ ... ...


ပေးဆပ်တတ်တဲ့ သူရဲကောင်းတွေဟာ
ကြယ်တွေဖြစ်ဖြစ်သွားကြတယ်လို့
ခေါင်းအုံးလေးက ပုံပြင်ပြောပြီးချော့သိပ်ဖူးတယ်
သူရဲကောင်းတွေက ကောင်းကင်မှာပဲနေ နေတော့
မြေကြီးပေါ်မှာ တီကောင်တွေပဲကြီးစိုးနေတာပေါ့
ငါးမျှားချိတ်တွေ သက်တော်ရာကျော်ရှည်ပါစေလို့
ဆုတောင်းပြီးအိပ်ခဲ့ရတဲ့ညတွေမှာ
အဆိပ်မိတဲ့ငါးတွေ ရေမှာပေါလောမျောနေတဲ့အိပ်မက်ဆိုးတွေမက်တယ်

ကလေးငယ်တွေဟာ တိမ်တွေကင်းတဲ့ညမှာ
ကောင်းကင် ကို မှန်ပြောင်းနဲ့မော့မော့ကြည့်ကြည့်ပြီး
ကြယ်တွေ နေကောင်းပါစေ
သူရဲကောင်းတွေ မြန်မြန်ရောက်ပါစေ
ကမ္ဘာမြေကြီးကိုစောင့်ရှောက်ပါစေ လို့သံပြိုင်ရွတ်ဆိုကြတယ်

သစ်ရွက်ခြောက်လေးတွေတောင်ကြွေခွင့်မရတော့တဲ့
တံဆိပ်အနှိပ်ခံ သစ်ပင်ရုပ်ကြွင်းတွေ
ဆယ်ဘီးကားကြီးတွေပေါ်က ကြယ်တွေကိုငေး
ထူးခတ်ထားတဲ့ သံကြိုးကြီး နဲ့ အလွမ်းသီချင်းတွေသံပြိုင်ဆိုကြတယ်

ဂလိုင်ဘ၀ရောက်နေတဲ့တောင်တန်းကြီး
သူကျောပေါ်ခွစီးခဲ့ဘူးတဲ့ ဆင်ရိုင်းလေးတွေ
ခေါင်းနဲ့ခွေ့ခွေ့ပြီးဆော့တတ်တဲ့သမင်လေးတွေကိုတတပြီး
အသစ်တူးဆွကာစသူငယ်ချင်းတောင်တန်းကြီးရဲ့မြေစာခဲတွေနဲ့
ကြယ်တွေကို အတူငေးရင်း မျက်ရည်တွေပြိုင်တူကျတယ်

ကြယ်ရောင်တွေခနေတဲ့
ပါးရည်တွန့်ု မြစ်ရေပြင်မှာတော့
နာဝါလှေလေးပ်ါက ဆွဲဆွဲငင်ထိုးတဲ့
တယောလေးရဲ့ကြိုးသံမှာစီးမျောရင်း
ကြယ်ရိပ်လေးကို အိစက်စက်ပုခက်လွှဲပေးလိုက်
ရီးလေးလေ့ ရီးလေ့ယို သားချော့တေးလေးဆိုလိုက်
ကောင်းကင်ပေါ်က တကယ့်ကြယ်တွေကိုငေးလိုက်
တေးချင်းအပိုဒ်ဆုံးအောင်တောင်ဆိုရပါ့မလား
ပြိုပြိုကျနေတဲ့ ကမ်းပါးအိုကြီးနဲ့ အတူရင်တွေဗလောင်တွေဆူကြတယ်

ကြယ်သူရဲကောင်းဟာ
မိုးပေါ်ကဆင်းလာမှာမဟုတ်ဘူး”ဆိုတာသိပေရဲ့
ဆွေးရင်း မျက်ရည်ဖုံးရင်း
စကြ်ာဝတေးမင်းကို ငေးငေးပြီးမျှော်နေကြ
ဒီလိုပဲ... သောကကိုဖြေနိုင်သလောက်ဖြေကြတယ်

တကယ်တမ်းစူးစူးစမ်းစမ်း မျက်လုံးတွေပွတ်ကြည့်စမ်း
သေချာကြည့်လိုက်ကြစမ်း ကြည့်လိုက်ကြစမ်းဟေ့
အားလုံးရဲ့လက်တစ်ကမ်းမှာ
ကြယ်တစ်စင်းထင်းထင်းကြီးလင်းနေတာ
တကယ့်ကို ထင်းထင်းကြီးလင်းနေတာ
ကြည့်လိုက်ကြစမ်း
ကောင်းကင်ပေါ်က ကြယ်တွေတောင်
တအံ့တသြငုံ့ကြည့်ရလောက်တဲ့
မြေသားဆန်တဲ့
ကြယ်တစ်စင်း ထင်းထင်းကြီးလင်းနေတာ
လူသားဆန်တဲ့
ကြယ်တစ်စင်း ထင်းထင်းကြီးလင်းနေတာ
ကြည့်လိုက်ကြစမ်း
ဟိုး အဝေးကြီးမှာမဟုတ်ဘူး
တကယ့်ကို တို့အားလုံးရဲ့လက်တစ်ကမ်းမှာ ။         ။
( မြင်သောမျက်လုံးများမြင်ကြည့်မြင်နိုင်ကြပါစေ )

အာဂမွဏ်း

No comments:

Post a Comment