Thursday, August 28, 2014

လူပါးဝတဲ့ကောင်
---------------------
မွေးကင်းစကတည်းကမာလဂျင်ပိတ်ကြမ်းနဲ့အထုပ်ခံရ
ဘီပီအိုင်ဆေးရဖို့ အဖေတန်းစီတာနောက်ကျလို့
ဆေးတို့ပတ်ကြီးနဲ့မြင့်မိုရ်ကုန်း အနာအဖျားနဲ့ နပမ်းလုံး
ဝမ်းလျှောရင်သောက်တဲ့ ဦးလမိုင်တူးတောင်တားမြစ်ခံရ
လူပါးဝတာမဆန်းပါဘူး ။


မြို့တော့မြို့ပါပဲ သမ၀ါယမကရေနံဆီမရရင်
အဲဒီညစာကျက်ရဖို့ဓါတ်တိုင်အောက်ပြေးလိုပြေးရ
အောက်လင်းဓါတ်မီးရှိတဲ့အိမ်ရှင်ကိုဖားလိုဖားရ
လူပါးဝတာမဆန်းပါဘူး ။

တက္ကသိုလ်ကျောင်းသားဖြစ်စ
အမေပေးတဲ့ငွေဖြူ တွေ ခဏ ခဏ ထ ထ မဲတော့
လှည်းတန်းမီးပွိုင့်နားက ကင်းတဲလေး အုတ်ခဲပိုင်းနဲ့အထုခံရတာ
ဗိုက်ဆာဆာနဲ့ မဆီမဆိုင် ထိုင်ထိုင်ကြည့်နေရ
လူပါးဝတာမဆန်းပါဘူး ။

ကိုယ်နဲ့ရွယ်တူကျောင်းသူမလှလှလေးတွေကို
စစ်ဖိနပ်နဲ့ကန်လို ကန် ၊ နံပါတ်တုတ်နဲ့ ရိုက် လို ရိုက်
မထော်မငမ်းဇာတ်ထုပ်တွေ မကြည်ချင်ဘဲကြည့်နေရ
လူပါးဝတာမဆန်းပါဘူး ။

နဂိုကတည်းက ထီကနဲဆို ဒီကောင်
အသက် ၂၀ကျော်လူချောလူလှ
အမေနမ်းတဲ့ပါးကိုမှ သပြေသီးမှည့်ရောင်ထအောင်ထိုး
နိုင်ငံတော်ပုန်ကန်တဲ့ကောင် စာရွက်တွေဘယ်မှာလဲ
မှင်တောင့်တွေဘယ်မှာလဲ ဒေါင်းအလံတွေဘယ်မှာလဲ
မျက်စိပိတ် ကြိုးတုပ် ပြီး ပြန်ထိုး မေးရင်းထိုး ထိုးရင်းမေး
ခရမ်းချဉ်သီးရောင်မီးလုံးလေးနဲ့ပဲအဖော်ပြုခဲ့ရ
လူပါးဝတာမဆန်းပါဘူး ။

လူပါးဝတာမဆန်းပါဘူး
တကယ့်ကို လူပါးဝတာမဆန်းပါဘူး
အနာဂတ်ကို စားအုန်းဆီနဲ့ကြော်ကြော်စားနေရ
အလကားမတ်တင်း သက်ပြင်းတွေ ခုထိချချ နေရ
ရောက်ကာနီးမှ အံစောင်းလို့ပါ အံလွဲလို့ပါ နောက်တစ်ခေါက်ထပ်လှိမ့်လိုက်ဦး
ဆိုတဲ့ ဆင်ခြေတွေကြောင့် လုပ်လိုက်စမ်းဖေ့သာကြီးရေ့ ကိုယ့်အားကိုယ်တင်း
တစ်ခေါက် နောက်တစ်ခေါက် အခေါက်ပေါင်းမရေနိုင်အောင်လှိမ့်နေရ
လူပါးဝတာမဆန်းပါဘူး
ကဲ ... နောက်ထပ်လည်း လူပါးဝတာမဆန်းပါဘူး
လူပါးဝလက်စနဲ့ ဒီကောင်လူပါးဝနေဆဲပါပဲ
ဒါတောင် မကျေနပ်သေးဘူး
အံကြိတ်ပြီးထပ်အော်လိုက်ချင်သေးတယ်
လူပါးဝတာမဆန်းပါဘူး ။        ။

အာဂမွဏ်း

No comments:

Post a Comment