Thursday, August 28, 2014

ပဲကြီးလှော်နဲ့ လဲအစားခံလိုက်ရတဲ့ ငြိမ်းချမ်းရေး
----------------------------------------------------------------
မောင်းပြန်သေနတ် ခလုတ်ကွင်းထဲ
လက်ညှိုး သွင်း အသင့်ပြင်ထားပြီး
ငြိမ်းချမ်းရေး … ငြိမ်းချမ်းရေး … ငြိမ်းချမ်ရေး
ဂါထာလို တတွတ်တွတ် ရွတ်
ချိုးဖြူးငှက်ကိုကြော် အမြည်းလုပ်
ဝီစကီ ကို မျှဉ်းမျှဉ်းလေးစုပ် ပြီး
အမိန့်ပေး
ပစ် … ပစ် ပစ် …
ငြိမ်းချမ်းရေး


မျက်နှာတွေ နဲ့ လုပ်ထားတဲ့
လှေကားကို နင်းတက်
လူရိုးခေါင်း နဲ့ သွန်းထားတဲ့
အောင်သေခွက် ကို မြှောက်
“ ချီးယား စ် ”

သတို့သမီးငယ်သည်
အရှင့်၏ မေတ္တာအား အကြွင်းမဲ့ ယုံကြည်ပါ၏
မေတ္တာတော်အားပေးသနားတော်မူပါ
ဗုံးဆံ ယမ်းငွေ့များ ကင်းစင်ပါစေသတည်း

တိုက်ပွဲ ရပ်တော့မှ …
မနောတိုင်ယိုင်နဲ့နဲ့နား
ရှမ်းအိုးစည်ဟောင်းဟောင်းကြီးတွေနား
ဖားစည် အိုအိုကြီးနား
ရန်သူတော် ညီအကို အချင်းချင်း
သွေးချင်း ပေါင်းလိုပေါင်းရ
အလောင်း ချင်း ပေါင်းလိုပေါင်းရ
ပြာချင်းပေါင်းလိုပေါင်းရ
အဲဒီလို ဘ၀တွေက
ဘယ်တော့များမှ လွတ်ကြရမှာလဲ

လက်နက် နဲ့ ငြိမ်းချမ်းရေး လဲတယ်
ပါမစ် နဲ့ ငြိမ်းချမ်းရေး လဲတယ်
မြေကွက် နဲ့ ငြိမ်းချမ်းရေး လဲတယ်
ဘိန်း နဲ့ ငြိမ်းချမ်းရေး လဲတယ်
ကျွန်းသစ် နဲ့ ငြိမ်းချမ်းရေး လဲတယ်
သဘာဝဓါတ်ငွေ့ နဲ့ ငြိမ်းချမ်းရေး လဲတယ်
နောက်ဆုံး … ….
ပဲကြီးလှော် နဲ့ ငြိမ်းချမ်းရေး လဲတယ်

အဲဒီလို
အချိုအချောင်သမားတွေ ရှိနေသမျှ
စစ် ဆိုတာ မြင်ရင်
ထ ထ ဖြစ်ချင်သူတွေ ကြီးစိုးနေသမျှတော့
အဘမှိုင်းရေ … …
ဆရာကြီးဒဂုန်တာရာရေ … …
ကဗျာဆရာမောင်အောင်ပွင့်ရေ … …
ငြိမ်းချမ်းရေးညစာကြီးသာ သိုး သိုး သွားမယ်
တကယ့် ငြိမ်းချမ်းရေး အစစ် ဆိုတာကိုတော့ … … …. ။           ။

အာဂမွဏ်း

( "မဟာမှိုင်းအလွန် နှစ်(၅၀) ”အခမ်းအနား မှာကျနော်ရွတ်ခဲ့တဲ့ကဗျာ )

No comments:

Post a Comment