Thursday, August 28, 2014

ပင်လယ်ပါတဲ့ပုလင်းရဲ့နံနက်စာ
@@@@@@@@@@@@@@

ငါ့ပုလင်းထဲမှာ
ပင်လယ်ရှိတယ်
တောင်တန်းတွေရှိတယ်
အနော်မာသောင်ကမ်းလည်းရှိတယ်
ပန်းဝါတိုက်ပွဲလည်းရှိတယ်
သဘာဝပေါက်ပင်တွေလည်းရှိတယ် ။


ပုလင်းတွေဟာဇီဝရဲ့အခွံတွေပေါ့
မနက်မနက်သကြားဓါတ်ကနည်းတတ်တယ်
မနက်မနက်ဒီဗီဘီနားထောင်တတ်တယ်
မနက်မနက်အင်တာနတ်ဖမ်းတတ်တယ်
မနက်မနက်သစ်သီးသစ်ရွက်ပဲစားတတ်တယ်
မနက်မနက်ဒုတ်ကောက်လေးကိုလမ်းလျှောက်သင်တတ်တယ် ။

ပုလင်းတွေဟာမုန်တိုင်းတွေကိုကြောက်တယ်
စလိုးဒေါင်းတွေကိုကြောက်တယ်
ဂုန်းကျော်တံတားတွေကိုကြောက်တယ်
သွေးရဲရဲ နှင်းဆီရဲရဲတွေကိုကြောက်တယ်
တဏှာအခိုးအငွေ့တွေကိုကြောက်တယ်
အမေမဲ့မှာကြောက်တယ်
ငြိမ်းချမ်းရေးမဲ့မှာကိုကြောက်တယ်
ပဋိဒေ၀မီးတွေကိုကြောက်တယ်
ကပ်ဆိုးတွေကိုကြောက်တယ်
မနက်မနက်သကြားဓါတ်ပိုပိုနည်းမှာကိုလည်းကြောက်တယ် ။

ထမင်းလုံးတစ္ဆေတွေကြောင့် ချွေးတွေပေါက်ပေါက်ကျ
တစ်ညလုံးရှုံးမဲ မဲ ချွေးတွေပေါက်ပေါက်ကျ
ကဇော်တွေပေါက် ချွေးတွေပေါက်ပေါက်ကျ
သူများမုန်တိုင်း ကိုယ့်မုန်တိုင်း ချွေးတွေပေါက်ပေါက်ကျ
ဇောတွေကိုပေါင်းခံထား ချွေးတွေပေါက်ပေါက်ကျ
တေဇော နဲ့ ပါပ ချွေးတွေပေါက်ပေါက်ကျ
လောကဓံ နဲ့ ယုတ်မာမှု ချွေးတွေပေါက်ပေါက်ကျ ။

ကိလေသာမပါတဲ့နံနက်ခင်း
လေညှင်းတွေသယ်လာတဲ့မနက်စာ
အနားသတ်မရှိတဲ့စားပွဲပေါ်မှာပြင်ဆင်
နတ်စောင်းသံတိုးတိုးညှင်းညှင်းလေးကြား
နံနက်ခင်းသကြားဓါတ်ဖြည့်တင်းပြီး
နေလုံးလေးကိုအတူ
ပုလင်းလေးဟာကမ်းခြေတစ်လျှောက်
လမ်းလျှောက်ထွက်တယ် ။        ။

အာဂမွဏ်း


No comments:

Post a Comment