Thursday, August 28, 2014

---- မြေအောင်းသား ( ၁ ) -----


ဓနိပျစ်က မိုးတွေယိုနေတဲ့တိုင်းပြည်မှာ
အနီရောင် ဆေးမခြယ်ရဘူး
နှင်းဆီပန်းတွေ မပွင့်ရဘူး
သွေး ဆိုတဲ့ စာလုံးတောင် မသုံးရဘူး တဲ့…
ကျနော်တို့ တစ်ကျပ်တန် အပိုင်းလေးနဲ့
မြေအောက်တော်လှန်ရေး စလုပ်တော့မယ် … အမေ ။

မျက်လုံးတွေကို အ၀တ်နဲ့စည်းထားတယ်
လက်ပြန်ကြိုးတွေတုတ်ထားတယ်
နားထင်ကိုသေနတ်နဲ့နဲ့ထောက်ထားတယ်
“ ဒီလောက်မာတဲ့ခေါင်း ပစ်သာပစ်လိုက်ကွာ ”
မောင်းတင်ပြီး ခလုတ်ဆွဲလိုက်တယ်
“ ချောက် ” ကျည်ဆံမပါတဲ့သေနတ်နဲ့စိတ်ဓါတ်ကိုသတ်တယ်
“ အမေ … သူငယ်ချင်းတွေကိုပြောလိုက်ပါ
ကျွန်တော်အားလုံးပြောလိုက်ရပြီဗျာ … … ”
အမေမျက်ရည်ကျတာ ကျားတံခါးထဲလှမ်းအ၀င်မှာ
သေချာကိုမြင်လိုက်ရတယ် လက်ထဲကဒန်ပေါက်နံ့ကမွှေးလို့
အဲဒီ ည ၁၄ ရက် မတိုက်ခဲ့ရတဲ့သွားတွေကို
သံတိုင်အပြင်က ရေအိုးကိုအဖော်ပြု
လမင်းကြီးနဲ့မျက်နှာချင်းဆိုင်
၁၄ခါ သွားတိုက်ပစ်လိုက်တယ် … အမေ ။
အထဲမှာ ဆေးလိပ်မသောက်ရဘူး
စာမဖတ်ရဘူး ။ စာမရေးရဘူး
သူ့အထာနဲ့သူတော့ရှိတာပေါ့
ချီးကုန်းစက္ကူထည့်ပေးရင်တော့
ဝါးတံဆိပ်အထူစားပဲထည့်ပေးပါ
မှင်ချောင်းကတော့ ပုဆိုးချုပ်ရိုးထဲမှာပါလာပြီးသား
အဲဒါတွေ အားလုံးဟာ ကဗျာတွေဖြစ်တယ် … အမေ ။
အိပ်ချိန်မတိုင်မှီ
မြေအောင်းသားတွေရဲ့ ကဗျာသံတွေက
စည်ပါပေ့ … အို … ညီပါပေ့
နရသိဏ်ဇာတ် စတော်စတိုက်ပြီ
ည ၇ နာရီ
ပွဲဦးထွက် ခရမ်းပြာမြင်းရိုင်းရဲ့ ကဗျာလှိုင်းက
ထောင်နံရံတွေ ကျော်တက်ခဲ့
ရန်ဖြစ်နေကြတာလား … တဲ့
တစ်ခန်းပြီးတစ်ခန်း
တစ်လှည့်စီ တစ်လှည့်စီ
သီချင်းတတ်သူသီချင်း
ကဗျာရွတ်တတ်သူကဗျာ
ပုံပြောတတ်သူပုံပြော
စကားပြောတတ်သူစကားပြော
တစ်ယောက်အလှည့်ပြီးတိုင်း
ကောင်းဗျား လို့ပြိုင်တူအားပေးကြ
မြေအောင်းသား ဘဝ
အသားတက်အောင်တော့ ကျင့်ကြံကြတယ် … အမေ ။
ကဗျာ
ကျွန်တော်တို့ကဗျာ ကျွန်တော်တို့ ရေးခြစ်ခဲ့ကြတယ် …
ဘယ်လိုသတ်သတ်
မသေတဲ့ ကဗျာတွေ
ကျွန်တော်ရေးခြစ်ခဲ့တယ် … အမေ ။ ။
အာဂမွဏ်း

No comments:

Post a Comment