Thursday, August 28, 2014

လူပါးဝတဲ့ကောင်
---------------------
မွေးကင်းစကတည်းကမာလဂျင်ပိတ်ကြမ်းနဲ့အထုပ်ခံရ
ဘီပီအိုင်ဆေးရဖို့ အဖေတန်းစီတာနောက်ကျလို့
ဆေးတို့ပတ်ကြီးနဲ့မြင့်မိုရ်ကုန်း အနာအဖျားနဲ့ နပမ်းလုံး
ဝမ်းလျှောရင်သောက်တဲ့ ဦးလမိုင်တူးတောင်တားမြစ်ခံရ
လူပါးဝတာမဆန်းပါဘူး ။


မြို့တော့မြို့ပါပဲ သမ၀ါယမကရေနံဆီမရရင်
အဲဒီညစာကျက်ရဖို့ဓါတ်တိုင်အောက်ပြေးလိုပြေးရ
အောက်လင်းဓါတ်မီးရှိတဲ့အိမ်ရှင်ကိုဖားလိုဖားရ
လူပါးဝတာမဆန်းပါဘူး ။

တက္ကသိုလ်ကျောင်းသားဖြစ်စ
အမေပေးတဲ့ငွေဖြူ တွေ ခဏ ခဏ ထ ထ မဲတော့
လှည်းတန်းမီးပွိုင့်နားက ကင်းတဲလေး အုတ်ခဲပိုင်းနဲ့အထုခံရတာ
ဗိုက်ဆာဆာနဲ့ မဆီမဆိုင် ထိုင်ထိုင်ကြည့်နေရ
လူပါးဝတာမဆန်းပါဘူး ။

ကိုယ်နဲ့ရွယ်တူကျောင်းသူမလှလှလေးတွေကို
စစ်ဖိနပ်နဲ့ကန်လို ကန် ၊ နံပါတ်တုတ်နဲ့ ရိုက် လို ရိုက်
မထော်မငမ်းဇာတ်ထုပ်တွေ မကြည်ချင်ဘဲကြည့်နေရ
လူပါးဝတာမဆန်းပါဘူး ။

နဂိုကတည်းက ထီကနဲဆို ဒီကောင်
အသက် ၂၀ကျော်လူချောလူလှ
အမေနမ်းတဲ့ပါးကိုမှ သပြေသီးမှည့်ရောင်ထအောင်ထိုး
နိုင်ငံတော်ပုန်ကန်တဲ့ကောင် စာရွက်တွေဘယ်မှာလဲ
မှင်တောင့်တွေဘယ်မှာလဲ ဒေါင်းအလံတွေဘယ်မှာလဲ
မျက်စိပိတ် ကြိုးတုပ် ပြီး ပြန်ထိုး မေးရင်းထိုး ထိုးရင်းမေး
ခရမ်းချဉ်သီးရောင်မီးလုံးလေးနဲ့ပဲအဖော်ပြုခဲ့ရ
လူပါးဝတာမဆန်းပါဘူး ။

လူပါးဝတာမဆန်းပါဘူး
တကယ့်ကို လူပါးဝတာမဆန်းပါဘူး
အနာဂတ်ကို စားအုန်းဆီနဲ့ကြော်ကြော်စားနေရ
အလကားမတ်တင်း သက်ပြင်းတွေ ခုထိချချ နေရ
ရောက်ကာနီးမှ အံစောင်းလို့ပါ အံလွဲလို့ပါ နောက်တစ်ခေါက်ထပ်လှိမ့်လိုက်ဦး
ဆိုတဲ့ ဆင်ခြေတွေကြောင့် လုပ်လိုက်စမ်းဖေ့သာကြီးရေ့ ကိုယ့်အားကိုယ်တင်း
တစ်ခေါက် နောက်တစ်ခေါက် အခေါက်ပေါင်းမရေနိုင်အောင်လှိမ့်နေရ
လူပါးဝတာမဆန်းပါဘူး
ကဲ ... နောက်ထပ်လည်း လူပါးဝတာမဆန်းပါဘူး
လူပါးဝလက်စနဲ့ ဒီကောင်လူပါးဝနေဆဲပါပဲ
ဒါတောင် မကျေနပ်သေးဘူး
အံကြိတ်ပြီးထပ်အော်လိုက်ချင်သေးတယ်
လူပါးဝတာမဆန်းပါဘူး ။        ။

အာဂမွဏ်း

“ ကောင်းကင်ကို လှမ်းထိုးတဲ့လက်သီးများ ”
------------------------------------------------------

ငယ်ငယ်လေးကတည်းက
မမှီမကမ်းလှမ်းလှမ်းထိုးတဲ့
ကောင်းကင်ကြီးရေ
ငါလည်းလူကောင်တော်တော်ကြီးနေပြီ ။


ကွန်ပါဘူးအနီရောင်လေးနဲ့
ကျောင်းသုံးစာအုပ်လောက်လောက်ငငရဖို့
ကောင်းကင်ကြီးကို လက်သီးနဲ့ထိုးတော့
လက်သီးဆုပ်သေးသေးလေးတွေကို
ခနဲ့ တဲ့တဲ့ လှောင်တယ် ။

ထိုးနေမှာပဲ
လက်မောင်းတွေကိုဆန့်တန်းပြီး
အားနဲ့မာန်နဲ့ ဆက်ထိုးမှာပဲ
မျက်ရည်ယိုဗုန်းတွေ
မီးသတ်ပိုက်တွေ
ကျည်ဆံတွေ ကိုအန်တုပြီး
ကောင်းကင်ကြီးကို ငါတို့
လက်သီးတွေနဲ့လှမ်းထိုးကြတယ်
အဲဒီတုန်းက ကောင်းကင်ကြီးဟာ
လက်သီးတွေကိုကြောက်လန့်ခဲ့တယ် ။

လဲကြ
ကွဲကြ
သေကြ
လက်သီးတစ်လုံးသေရင်
နောင်လက်သီးတစ်လုံး
ကောင်းကင်ကြီးကိုဆက်ထိုးနေမှာပဲ
ဘယ်အချိန်ထိဆက်ထိုးကြမှာလဲဆိုရင်
အဖြေဟာ တစ်ခွန်းတည်းရှိတယ်
“ ကောင်းကင်ဆိုးကြီး မပြိုမချင်း
ဆက်ထိုးနေမှာပဲ ” ။                   ။


အာဂမွဏ်း

ဘူတာရုံလေး
----------
ဖုန်တက်နေတဲ့ ဆိုင်းဘုတ်လေး
ရောက်မလာသေးတဲ့ မီးရထားကို
ထိုင်စောင့်နေရင်း
ဟိုး ... အဝေးက
စိမ်းလန်းခဲ့ဘူးတဲ့ မိုးမခတောကြီးကို
စိတ်ကူးယဉ် ငေးမောနေလိုက်ပုံများ
ခေတ်ကာလကြီးတစ်ခုလုံး
ဘေးကဖြတ်သန်းသွားတာ
မသိကိုမသိလိုက်ရှာဘူး ။        ။


အာဂမွဏ်း

ကျောက်သင်ပုန်းလေး
------------------------
စာသင်နှစ်တစ်လျှောက်လုံး
အ၀ိုင်းစက်ဆုံး
“ ၀ ”လုံးလေးတွေအတွက် ... ...
ဒီ့ထက်ပိုပြီး
မဲနက်ပါရစေ ။       ။



အာဂမွဏ်း

အဖေ
------
ဒီဂြိုဟ်ကမ္ဘာကို ရောက်ရောက်ချင်း
ပထမဦးဆုံး
စ မြင် ဘူး တဲ့
သူရဲကောင်းဟာ
` အဖေ ´ ပါပဲ ။      ။


အာဂမွဏ်း

သူရဲကောင်းကြယ်က အဝေးကြီးမှာမဟုတ်ဘူး
-----------------------------------------------------------
ကမ္ဘာပတ်လမ်းအတိုင်းလည်နေရတဲ့
နှစ်တွေ ခေတ်တွေ စနစ်တွေ
လူယုတ်မာ နဲ့ မိုးခါးရေ စပ်ထားတဲ့ ဗီဇမျိုးစိတ်တွေ
မျိုးပွါးနှုန်းတိုးတိုးလာတော့
ပတ်ဝန်းကျင်ဟာ
ညစ်သထက်ညစ်ထေးလာတာ
အသက်ထက်ကျော်နေပြီ တောင်ကုန်းလေးရေ ... ...


ပေးဆပ်တတ်တဲ့ သူရဲကောင်းတွေဟာ
ကြယ်တွေဖြစ်ဖြစ်သွားကြတယ်လို့
ခေါင်းအုံးလေးက ပုံပြင်ပြောပြီးချော့သိပ်ဖူးတယ်
သူရဲကောင်းတွေက ကောင်းကင်မှာပဲနေ နေတော့
မြေကြီးပေါ်မှာ တီကောင်တွေပဲကြီးစိုးနေတာပေါ့
ငါးမျှားချိတ်တွေ သက်တော်ရာကျော်ရှည်ပါစေလို့
ဆုတောင်းပြီးအိပ်ခဲ့ရတဲ့ညတွေမှာ
အဆိပ်မိတဲ့ငါးတွေ ရေမှာပေါလောမျောနေတဲ့အိပ်မက်ဆိုးတွေမက်တယ်

ကလေးငယ်တွေဟာ တိမ်တွေကင်းတဲ့ညမှာ
ကောင်းကင် ကို မှန်ပြောင်းနဲ့မော့မော့ကြည့်ကြည့်ပြီး
ကြယ်တွေ နေကောင်းပါစေ
သူရဲကောင်းတွေ မြန်မြန်ရောက်ပါစေ
ကမ္ဘာမြေကြီးကိုစောင့်ရှောက်ပါစေ လို့သံပြိုင်ရွတ်ဆိုကြတယ်

သစ်ရွက်ခြောက်လေးတွေတောင်ကြွေခွင့်မရတော့တဲ့
တံဆိပ်အနှိပ်ခံ သစ်ပင်ရုပ်ကြွင်းတွေ
ဆယ်ဘီးကားကြီးတွေပေါ်က ကြယ်တွေကိုငေး
ထူးခတ်ထားတဲ့ သံကြိုးကြီး နဲ့ အလွမ်းသီချင်းတွေသံပြိုင်ဆိုကြတယ်

ဂလိုင်ဘ၀ရောက်နေတဲ့တောင်တန်းကြီး
သူကျောပေါ်ခွစီးခဲ့ဘူးတဲ့ ဆင်ရိုင်းလေးတွေ
ခေါင်းနဲ့ခွေ့ခွေ့ပြီးဆော့တတ်တဲ့သမင်လေးတွေကိုတတပြီး
အသစ်တူးဆွကာစသူငယ်ချင်းတောင်တန်းကြီးရဲ့မြေစာခဲတွေနဲ့
ကြယ်တွေကို အတူငေးရင်း မျက်ရည်တွေပြိုင်တူကျတယ်

ကြယ်ရောင်တွေခနေတဲ့
ပါးရည်တွန့်ု မြစ်ရေပြင်မှာတော့
နာဝါလှေလေးပ်ါက ဆွဲဆွဲငင်ထိုးတဲ့
တယောလေးရဲ့ကြိုးသံမှာစီးမျောရင်း
ကြယ်ရိပ်လေးကို အိစက်စက်ပုခက်လွှဲပေးလိုက်
ရီးလေးလေ့ ရီးလေ့ယို သားချော့တေးလေးဆိုလိုက်
ကောင်းကင်ပေါ်က တကယ့်ကြယ်တွေကိုငေးလိုက်
တေးချင်းအပိုဒ်ဆုံးအောင်တောင်ဆိုရပါ့မလား
ပြိုပြိုကျနေတဲ့ ကမ်းပါးအိုကြီးနဲ့ အတူရင်တွေဗလောင်တွေဆူကြတယ်

ကြယ်သူရဲကောင်းဟာ
မိုးပေါ်ကဆင်းလာမှာမဟုတ်ဘူး”ဆိုတာသိပေရဲ့
ဆွေးရင်း မျက်ရည်ဖုံးရင်း
စကြ်ာဝတေးမင်းကို ငေးငေးပြီးမျှော်နေကြ
ဒီလိုပဲ... သောကကိုဖြေနိုင်သလောက်ဖြေကြတယ်

တကယ်တမ်းစူးစူးစမ်းစမ်း မျက်လုံးတွေပွတ်ကြည့်စမ်း
သေချာကြည့်လိုက်ကြစမ်း ကြည့်လိုက်ကြစမ်းဟေ့
အားလုံးရဲ့လက်တစ်ကမ်းမှာ
ကြယ်တစ်စင်းထင်းထင်းကြီးလင်းနေတာ
တကယ့်ကို ထင်းထင်းကြီးလင်းနေတာ
ကြည့်လိုက်ကြစမ်း
ကောင်းကင်ပေါ်က ကြယ်တွေတောင်
တအံ့တသြငုံ့ကြည့်ရလောက်တဲ့
မြေသားဆန်တဲ့
ကြယ်တစ်စင်း ထင်းထင်းကြီးလင်းနေတာ
လူသားဆန်တဲ့
ကြယ်တစ်စင်း ထင်းထင်းကြီးလင်းနေတာ
ကြည့်လိုက်ကြစမ်း
ဟိုး အဝေးကြီးမှာမဟုတ်ဘူး
တကယ့်ကို တို့အားလုံးရဲ့လက်တစ်ကမ်းမှာ ။         ။
( မြင်သောမျက်လုံးများမြင်ကြည့်မြင်နိုင်ကြပါစေ )

အာဂမွဏ်း

ပဲကြီးလှော်နဲ့ လဲအစားခံလိုက်ရတဲ့ ငြိမ်းချမ်းရေး
----------------------------------------------------------------
မောင်းပြန်သေနတ် ခလုတ်ကွင်းထဲ
လက်ညှိုး သွင်း အသင့်ပြင်ထားပြီး
ငြိမ်းချမ်းရေး … ငြိမ်းချမ်းရေး … ငြိမ်းချမ်ရေး
ဂါထာလို တတွတ်တွတ် ရွတ်
ချိုးဖြူးငှက်ကိုကြော် အမြည်းလုပ်
ဝီစကီ ကို မျှဉ်းမျှဉ်းလေးစုပ် ပြီး
အမိန့်ပေး
ပစ် … ပစ် ပစ် …
ငြိမ်းချမ်းရေး


မျက်နှာတွေ နဲ့ လုပ်ထားတဲ့
လှေကားကို နင်းတက်
လူရိုးခေါင်း နဲ့ သွန်းထားတဲ့
အောင်သေခွက် ကို မြှောက်
“ ချီးယား စ် ”

သတို့သမီးငယ်သည်
အရှင့်၏ မေတ္တာအား အကြွင်းမဲ့ ယုံကြည်ပါ၏
မေတ္တာတော်အားပေးသနားတော်မူပါ
ဗုံးဆံ ယမ်းငွေ့များ ကင်းစင်ပါစေသတည်း

တိုက်ပွဲ ရပ်တော့မှ …
မနောတိုင်ယိုင်နဲ့နဲ့နား
ရှမ်းအိုးစည်ဟောင်းဟောင်းကြီးတွေနား
ဖားစည် အိုအိုကြီးနား
ရန်သူတော် ညီအကို အချင်းချင်း
သွေးချင်း ပေါင်းလိုပေါင်းရ
အလောင်း ချင်း ပေါင်းလိုပေါင်းရ
ပြာချင်းပေါင်းလိုပေါင်းရ
အဲဒီလို ဘ၀တွေက
ဘယ်တော့များမှ လွတ်ကြရမှာလဲ

လက်နက် နဲ့ ငြိမ်းချမ်းရေး လဲတယ်
ပါမစ် နဲ့ ငြိမ်းချမ်းရေး လဲတယ်
မြေကွက် နဲ့ ငြိမ်းချမ်းရေး လဲတယ်
ဘိန်း နဲ့ ငြိမ်းချမ်းရေး လဲတယ်
ကျွန်းသစ် နဲ့ ငြိမ်းချမ်းရေး လဲတယ်
သဘာဝဓါတ်ငွေ့ နဲ့ ငြိမ်းချမ်းရေး လဲတယ်
နောက်ဆုံး … ….
ပဲကြီးလှော် နဲ့ ငြိမ်းချမ်းရေး လဲတယ်

အဲဒီလို
အချိုအချောင်သမားတွေ ရှိနေသမျှ
စစ် ဆိုတာ မြင်ရင်
ထ ထ ဖြစ်ချင်သူတွေ ကြီးစိုးနေသမျှတော့
အဘမှိုင်းရေ … …
ဆရာကြီးဒဂုန်တာရာရေ … …
ကဗျာဆရာမောင်အောင်ပွင့်ရေ … …
ငြိမ်းချမ်းရေးညစာကြီးသာ သိုး သိုး သွားမယ်
တကယ့် ငြိမ်းချမ်းရေး အစစ် ဆိုတာကိုတော့ … … …. ။           ။

အာဂမွဏ်း

( "မဟာမှိုင်းအလွန် နှစ်(၅၀) ”အခမ်းအနား မှာကျနော်ရွတ်ခဲ့တဲ့ကဗျာ )